#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

တွေ့ဆုံဆွေးနွေးရေး ရန်ကုန်ဂျာနယ်များတွင် ဖော်ပြ
ကိုစိုး | အောက်တိုဘာ ၂၂၊ ၂၀၀၇

မြန်မာပြည်တွင်း၌ ထုတ်ဝေသော နောက်ဆုံးထုတ် ပုဂ္ဂလိက ဂျာနယ်တချို့တွင် လက်ရှိစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပါမည့် အကြောင်း သတင်းများကို အာဏာပိုင်များ၏ အစီအစဉ်ဖြင့် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်ဟု ၀ါရင့်နိုင်ငံရေး သမားကြီးတဦးနှင့် စာနယ်ဇင်း အသိုင်းအ၀န်းကပြောသည်။

ယင်းသတင်းကို မြန်မာတိုင်းဂျာနယ်၊ လျှပ်တပြက်ဂျာနယ်နှင့် ရန်ကုန်တိုင်းဂျာနယ်တို့တွင် မျက်နှာဖုံးသတင်း အနေနှင့် ဖော်ပြထားပြီး ၀ိကလီး အလဲဗင်း ဂျာနယ်တွင် သတင်းအပြင် အယ်ဒီတာ့ အာဘော်အနေနှင့်ပါ ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

အောက်တိုဘာ ၁၉ ရက် နေ့စွဲဖြင့် ထုတ်ဝေသော မြန်မာ တိုင်းဂျာနယ်နှင့် လျှပ်တပြက်ဂျာနယ်တို့တွင် မျက်နှာဖုံး ဆောင်းပါးအဖြစ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုပါ ဖော်ပြထားသည်။

“အရင်က ကျနော်တို့ သဘောထားအမြင်မပြောနဲ့ နာမည် တောင်ဖော်ပြဖို့မလွယ်တာ အခု ဒေါ်အောင်ဆန်းစုကြည် ပုံကိုပါ မျက်နှာဖုံးမှာ ဖော်ပြခွင့်ပေးတာကတော့ ထူးခြားတယ်၊ ရည်ရွယ်ချက်ရှိတယ်လို့ထင်တယ်၊ ဒါကြောင့် စာဖတ်သူတွေ က စိတ်ဝင်စားပြီး ၀ယ်ကြတာဖြစ်မှာပါ”ဟု ၀ါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ဧရာဝတီ သို့ ပြောသည်။

ရန်ကုန်တိုင်းဂျာနယ်တွင် သခင်ချန်ထွန်း အပါအ၀င် သခင်သိန်းဖေ (၀ါးခယ်မ)၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး စသည့်
ဝါရင့် နိုင်ငံရေးသမားဟောင်း ၉ ဦးတို့ကို လက်ရှိစစ်အစိုးရ၏ ကြေညာချက် အမှတ် ၁/၂၀၀၇ ၊ ၂/၂၀၀၇ နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ ၏ မြန်မာ့ အရေးဆောင်ရွက်ချက် အပေါ် သဘောထားအမြင်များကို တွေ့ဆုံမေးမြန်း၍ ဖော်ပြထားသည်။

“တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတာကို ကြိုဆိုပါတယ်၊ ၀မ်းသာတယ် ဆိုတာတော့ ဖော်ပြပါတယ်၊ ကြေညာချက် အမှတ် ၂/၂၀၀၇ အရ အလုပ်သမား ဒု ၀န်ကြီးကို ဆက်ဆံရေး ၀န်ကြီးခန့်တာဟာ အချိန်ဆွဲတာ ဖြစ်တယ်လို့ ကျနော်ပြောတာ ကျတော့ ဂျာနယ်မှာ ပါမလာဘူး၊ ကျနော်ပြောတာ မိနစ် ၄၀ စာ လောက်ရှိပါတယ်၊ နည်းနည်းပဲ ဖော်ပြတာ တွေ့တယ်” ဟုလည်း သခင်ချန်ထွန်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကလည်း“ဒါကသူတို့ ခွင့်ပြုလို့ ဖော်ပြတာပဲ၊ စာကတော့ သူတို့ပုံစံအတိုင်း ရေးရတာပေါ့၊ ကျနော်တို့ မဂ္ဂဇင်းမှာလည်း အတွင်းမှာ ထည့်ထားတယ်၊ စိစစ်ရေး ရုံးမတင်ရသေးတော့ ဘယ်လိုဖြစ် မလဲတော့ မသိသေးဘူး၊ လူတွေက ဒေါ်စုကို မတွေ့တာကြာတော့ စိတ်ဝင်စားကြတယ်”ဟု ပြော သည်။

ယုံကြည်မှု(Trust)ဂျာနယ် အစရှိသည့် ဂျာနယ်တချို့တွင်လည်း ပါရှိကြောင်းနှင့် တချို့စာနယ်ဇင်း သမားများကလည်း လုပ်ခွင့်ရသရွေ့ တိုး၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါဂျာနယ်များမှာ ဈေးကွက်အတွင်း အရောင်းသွက်၍ ပြတ်လပ်သွားသည်ဟုလည်း သိရသည်။
“ရောင်းဈေးရော၊ ဂျာနယ်စောင်ရေရော အရင်အတိုင်းပါပဲ၊ ရုံးမှာတော့ မရှိတော့ပါဘူး၊ စီးတီးမတ်လို ဆိုင်တွေမှာတော့ ရနိုင်ဦးမယ်လို့ ထင်ပါတယ်”ဟု မြန်မာတိုင်းစ် ဂျာနယ် မှ ၀န်ထမ်းတဦးကပြောသည်။

ယင်းကဲ့သို့ ပုဂ္ဂလိက စာနယ်ဇင်းများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို ဖော်ပြနေသော် လည်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်အငြိမ်းစား သံအမတ် Mr. Yoichi YAMAGUCHI ရေးသားသည့် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဆိုထားသော ဆောင်းပါးကို ဘာသာပြန်၍ အထူး တလည် ထည့်သွင်း ဖော်ပြထားသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.