#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

စစ်အစိုးရကို ဆက်လက်ဆန့်ကျင်သွားမည်ဟု သံဃာ့ ခေါင်းဆောင်က ပြော
ကိုစိုး | အောက်တိုဘာ ၂၁ ၊ ၂၀၀၇

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း စစ်အာဏာပိုင်များ၏ အကြမ်းဖက် နှိမ်နင်း မှုကြောင့် သံဃာအပါး ၁၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၀၀ ကျော် ပျံလွန်တော်မူခဲ့ရသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု လတ်တလော ရှောင်တိမ်းနေသည့် သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင်သံဃာတော် တပါးက ပြောသည်။

စစ်အစိုးရကမည်သို့ပင် အကြမ်းဖက်နှိမ်နင်းနေသော်လည်း အောက်တိုဘာလကုန်ပိုင်းတွင် တနိုင်ငံလုံးအတိုင်း အတာနှင့် ဆန္ဒပြပွဲများကို ပြန်လည်စတင်မည်ဟု ဦးဆောင်သံဃာတော် အရှင်ဦးသြဘာသ က ဧရာဝတီသို့ ပြောသည်။

“ပြည်သူ တွေ ဆင်းရဲဒုက္ခရောက်နေတာကို ဘုန်းကြီးတို့ သံဃာတွေကလည်း ဘယ်လို တိတ်ဆိတ် နေလို့ရ မလဲ၊ သံဃာတွေကိုလည်း ထိခိုက်တာပဲ၊ ဓမ္မအတွက် တိုက်တာလည်းဖြစ်တယ်၊ တရားမျှတမှုအတွက် ဦးပဉ္ဖင်းတို့က ဆက်တိုက်ပွဲဝင်ရမှာပဲ”ဟု ဦးသြဘာသ
က ပြောသည်။

မြန်မာနိုင်ငံတ၀န်းရှိ သံဃာတော်များနှင့် ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ပြည်သူများသည် စိုးရိမ်ဖွယ်ရာ အခြေအနေများနှင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆိုသည်။

“ပျံလွန်တဲ့ သံဃာတွေထဲမှာ ငွေကြာရံ ကျောင်းတိုက်က ၈ ပါးလောက်ပါတယ်၊ အခု က ည ရောက်မှာကို ကြောက်နေကြရတာ၊ အခုအချိန်အထိ မရပ်သေးဘူး အဖမ်းအဆီးတွေက၊ အခုအချိန်အထိ သူတို့ မသင်္ကာတဲ့ ကျောင်းဆို
ဝင်ဖမ်းနေတုန်း”ဟု ဦးသြဘာသ က ပြောသည်။

သံဃာ့ တပ်ပေါင်းစုအဖွဲ့မှ ဦးသြဘာသ အပါအ၀င် ဦးဆောင် သံဃာ ၄ ပါးရှိရာ ကျန် ၃ ပါးမှာ လွန်ခဲ့ သော ၆ ရက် ခန့်က စတင်၍ အဆက်အသွယ် ပြတ်ကာ ပျောက်နေသည်ဟုလည်း ၎င်း က ပြောသည်။

“စစ်သားတွေက လမ်းမပေါ်မှာ သံဃာတပါးတွေ့တယ်ဆိုရင် သူခိုးဓားပြ တွေ့တဲ့အတိုင်း နောက်က လိုက်တော့ တာပဲ”ဟု ဦးသြဘာသက ပြောဆိုသည်။

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကြောင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအနေနှင့်စစ်အစိုးရကို ယခုထက် ပိုမိုဖိအားပေးရန်လည်း ဦးသြဘာသ က တောင်းဆိုသည်။

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံမှ အကျိုးစီးပွားများစွာကို ခံစားနေရသောကြောင့် မြန်မာပြည်သူ များ၏ အကြပ်အတည်း အခက်အခဲကို ကူညီသင့်သည်ဟုလည်း ၎င်းကပြောသည်။

လက်ရှိအခြေအနေတွင် ဦးသြဘာသသည် အာဏာပိုင်များက ဖမ်းဆီးရန် လိုက်လံရှာဖွေနေသောကြောင့် နေရာ အတည် တကျ နေ၍မရဘဲ လုံခြုံစိတ်ချရာသို့ နေ့စဉ် ရွှေ့ပြောင်း ရှောင်တိမ်းနေရသည်ဟုလည်း ပြောဆိုသည်။

“ဦးပဉ္ဖင်း ည ဘက် ကောင်းကောင်း မအိပ်ရတာကြာပြီ၊ ညလုံး ပေါက်မအိပ်ရတဲ့ ရက်တွေလည်းရှိတယ်၊ ဦးပဉ္ဖင်း တို့ အခြေအနေက နာရီပိုင်း အတွင်းမှာကို စိတ်မချရဘူး၊ မရေရာတဲ့အခြေအနေ”ဟု ဦးသြဘာသ က ပြောသည်။
ယခုအချိန်အထိ အရေအတွက် တိတိကျကျ မသိရှိရသော ပျောက်ဆုံးနေသည့် သံဃာများစွာရှိပြီး ၎င်းတို့ ဘယ်နေရာတွင်ရှိသည်ကို ခန့်မှန်းမသိရှိရကြောင်းလည်း ဆိုသည်။

စက်တင်ဘာ ၂၆ ရက်က စတင်၍ စစ်အစိုးရ စစ်သားများ၏ အကြမ်းဖက်ဖမ်းဆီးမှုတွင် သီလရင် ၅၀ ခန့် ယခု အချိန်အထိ ဖမ်းဆီးခံထားရကြောင်း၊ ဖမ်းဆီးခံ သီလရင်တချို့မှာ စစ်သားများ၏ အဓမ္မပြုကျင့်မှုကို ခံရသည်ဟု သိရကြောင်း ဦးသြဘာသ က ပြောပြသည်။

“အဲဒီ စစ်သားတွေဟာ အင်မတန် ရိုင်းစိုင်း ယုတ်မာလှပါတယ်၊ ဦးပဉ္ဖင်းအနေနဲ့ ပြောလို့တောင်မထွက်ဘူး”ဟု ဦးသြဘာသကပြောသည်။

ယင်း စက်တင်ဘာ ၂၆ ရက် ညတွင် ရန်ကုန်မြို့တောင်ဥက္ကလာပရှိ ငွေကြာရံကျောင်းတိုက်အား စစ်သားများက
ဝင်ရောက်စီးနင်း ၍ သံဃာအပါး ၂၀၀ ကျော်ကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့သည်။

သံဃာ့ တပ်ပေါင်းစုအဖွဲ့က ဦးဆောင်၍ နိုင်ငံတ၀န်းရှိ သံဃာတော်များက စစ်အစိုးရအဖွဲ့ဝင်များ၊ မိသားစုဝင်များ နှင့် အစိုးရထောက်ခံသူများ၏ ဆွမ်းကွမ်းလှူဖွယ်ဝတ္ထုများကို လက်မခံသည့် သပိတ်မှောက်ကံဆောင်ထားသည်။

မကြားသေးခင်က အစိုးရသတင်းစာများတွင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မိသားစုဝင်များက ဘုန်းကြီး ကျောင်းတိုက် တချို့နှင့် သက်ကြီးဝါကြီး ဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုများကပ်လှူသည့် သတင်းများအား ဖော်ပြထားသည်။

၈၈ မျိုးဆက်ကျောင်းသားများနှင့် အန်အယ်လ်ဒီ အဖွဲ့က ဆန္ဒပြပွဲများအတွင်း အနည်းဆုံး သေဆုံးသူ ၁၃၀ ၊ ၃၀၀၀ နီးပါး ဖမ်းဆီး ခံခဲ့ရပြီး ၁၂၀၀ ကျော်မှာ သံဃာတော်များဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရက ဆန္ဒပြပွဲ ဦးဆောင်သူ၊ ဆန္ဒပြပွဲတွင် ပါဝင် ဆန္ဒပြသူ၊ ဆန္ဒပြသူများကို ကူညီပံ့ပိုးသူ၊ ဆန္ဒပြပွဲကို ရပ်ကြည်သူ စသည်ဖြင့် အုပ်စုခွဲ၍ ဖမ်းဆီး စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.