ကိုကျော်သူတို့ သုံးဦးကို နာရေးအသင်းက အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဖြစ်
ဧရာဝတီ | အောက်တိုဘာ ၂၀၊ ၂၀၀၇
ငြိမ်းချမ်းစွာ ဆန္ဒပြ သံဃာတော်များအား ရွှေတိဂုံဘုရားတွင် ဆွမ်းကပ်လှူသောကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ ရသည့် ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့် ဇနီးအပါအ၀င် စာရေးဆရာမ သန်းမြင့်အောင်တို့ကို နာရေးကူညီမှုအသင်းမှ မကြာသေးခင်က အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက်နေ့က ပြုလုပ်သည့် အလုပ်အမှုဆောင် အစည်းအဝေးတွင် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးအေးသန်းက အဆိုတင်သွင်း၍ ယင်းသို့ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမှုဆောင်အဖွဲ့နှင့် နီးစပ်သူ ရန်ကုန်မြို့ရှိ သတင်းထောက်တဦးက ပြောသည်။
“လူမှုရေး အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေးနဲ့ ကင်းရှင်းမှု ရှိရမယ်ဆိုတဲ့ သဘောထားကို အသင်းဥက္ကဋ္ဌ ဦးအေးသန်း ကိုယ်တိုင်က တင်သွင်းပြီး အစည်းဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်ခဲ့တာပဲ၊ ခုလို ကိုကျော်သူတို့ ပြန်လွတ်လာတော့မှ ကိုကျော်သူဆီကိုသွားပြီး ပြန်လုပ်စေချင်တဲ့ သဘောထားမျိုးတွေ ပြန်ပြောတယ်”ဟု အထက်ပါ သတင်းထောက်က
ဧရာဝတီသို့ ပြောသည်။
ယခုအခါ ကိုကျော်သူနှင့်ဇနီး ပြန်လည်လွတ်မြောက်လာသည့်အတွက် အမှုဆောင် အစည်းဝေးဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။
ကိုကျော်သူတို့သုံးဦးအား အသင်းမှ ထုတ်ပယ်သည့်သတင်းကို ရေးသားဖော်ပြသော ရန်ကုန်မြို့ရှိ သတင်းဂျာနယ်တိုက် များသို့လည်း ထိုသတင်းကို ပြန်လည်ဖြေရှင်းပေးရန် နာရေးကူညီမှုအသင်းမှ ဖုန်းနှင့် ဆက်သွယ်ပြောကြားသည်ဟု ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
နာရေးကူညီမှုအသင်းအား ဧရာဝတီမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် အသင်း၏ အဖွဲ့ဝင်များနှင့် ပတ်သက်သော ထုတ်ပယ်ခြင်းများကို နှစ်ပတ်လည် အစီးအဝေးတွင်သာ ပြုလုပ်လျက်ရှိပြီး အသင်းမှ ၎င်းအရေးပါသူ သုံးဦးအား ထုတ်ပယ် သည်ဆိုသော သတင်းမှာ မှားယွင်းကြောင်း နာရေးကူညီမှုအသင်းမှ အမည်မဖော်လိုသူ အမှုဆောင်တဦးက ပြောသည်။
“နာရေးကူညီမှုအသင်း စဖြစ်လာခဲ့တာကလည်း ကိုကျော်သူတို့၊ စာရေးဆရာမ သန်းမြင့်အောင်တို့က စပြီး လုပ်ခဲ့ကြတာ၊ ခုချိန်ထိ သူတို့ရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ အသင်းကရပ်တည်နေရတာ၊ ဒါကို သူတို့ကို ထုတ်ပယ်တယ် ဆိုတာမျိုးက မလုပ် သင့်ဘူး”ဟု ရန်ကုန်မြို့တွင် နေထိုင်သော နာရေးကူညီမှုအသင်းနှင့် နီးစပ်သူ အလှူရှင်တဦးက ပြောကြားသည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် သံယာတော်များကို ဆွမ်းကပ်လှူခြင်းနှင့် ပတ်သက်ပြီး စစ်အာဏာပိုင်များက ကိုကျော်သူတို့ကို ဖမ်ဆီးရန် လိုက်လံရှာဖွေနေ၍ ရှောင်တိမ်းနေရချိန်အတွင်း နာရေးကူညီမှုအသင်းအနေနှင့် ငွေကြေး အခက်အခဲများ ကြုံတွေ့နေရသည်ဟူသော သတင်းများလည်း ပျံ့နှံ့လျှက်ရှိ သော်လည်း နာရေးကူညီမှု အသင်းတွင် ငွေကြေးရေး အခက်အခဲမရှိနိုင်ကြောင်း ၎င်းအဖွဲ့အတွက် ရန်ပုံငွေ ကျပ် သိန်းနှစ်ထောင်ကျော်ခန့် ရှိကြောင်း ၎င်းအဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။
သုခကုသိုလ်ဖြစ်ဆေးခန်းကိုမူ ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်တွင် ဆရာဝန်များ၏ သွာရေးလာရေး အခက် အခဲကြောင့် ဆေးခန်းပိတ်ထားခဲ့ရပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ ဦးရွှေထိုက်က ဧရာဝတီသို့ ပြောသည်။
ယခုနှစ် မတ်လ ၂ ရက်နေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့နယ်တွင် “သုခ ကုသိုလ်ဖြစ်ဆေးခန်း” ကို နာရေးကူညီမှု အသင်းက ဖွင့်လှစ်လိုက်ပြီး ဆင်းရဲနွမ်းပါးသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျှက်ရှိသည်။
နာရေးကူညီမှုအသင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိ နာရေးကိစ္စပေါင်း ၆ သောင်း ခန့် အခမဲ့ ကူညီပေးနိုင်ခဲ့သည်ဟု သိရသည်။
၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားသို့ နာရေးကူညီမှု အသင်းမှ ကိုကျော်သူနှင့် စာရေး ဆရာမ သန်းမြင့်အောင်တို့ တက်ရောက်ခဲ့သည့်နောက်ပိုင်း နာရေးကူညီမှု အသင်း၏ လှုပ်ရှားမှုများကို အစိုးရသတင်းစာများက ထည့်သွင်းဖော်ပြခြင်း မပြုသည့်အပြင် အာဏာပိုင်များက အနှောင့်အယှက်များ ပေးခဲ့သည်။ [Top] |