ရခိုင်ရှိ အဖွဲ့ချုပ်ဝင်များ ထောင်ဒဏ်ကျခံရ
ကိုစိုး | အောက်တိုဘာ ၁၈၊ ၂၀၀၇
စစ်အစိုးရက ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၅ ဦး နှင့် သံဃာတော်တပါးကို ဖမ်းဆီး၍ ထောင်ဒဏ် ၅ နှစ်မှ ၉ နှစ်ကျော် အထိ ချမှတ်လိုက်ကြောင်း သိရသည်။
တောင်ကုတ်မြို့ အန်အယ်လ်ဒီ တွဲဖက်အတွင်းရေးမှုး ကိုမင်းအောင် အသက် (၃၅)နှစ်ကို ယမန်နေ့က သံတွဲ မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၉ နှစ်နှင့် ၆ လ ချမှတ်လိုက်သည်ဟု ကိုမင်းအောင်၏ မိခင်က ပြောသည်။
ကိုမင်းအောင်ကို အာဏာပိုင်များက အောက်တိုဘာ ၁၃ ရက်နေ့တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားခဲ့ပြီး မည်သည့် ဥပဒေ ပုဒ်မဖြင့် အရေးယူကြောင်း မိသားစုသို့ အသေအချာ ပြောဆိုအကြောင်းကြားခြင်းမရှိ ဟုလည်း ၎င်းကပြောသည်။
“အမေ တယောက်အနေနဲ့တော့ အခုလိုဖြစ်တာ စိတ်ထဲမှာ ခံစားရတာပေါ့၊ ဒါပေမယ့် ကျမတို့လို အမေတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်”ဟု ကိုမင်းအောင်၏ အမေ က ဆိုသည်။
ကိုမင်းအောင်သည် အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးအနေနှင့် အမှားအယွင်းတစုံတရာ ပြုလုပ်မိခြင်းမရှိ၊ မြန်မာ ပြည်သူများ အတွက် ကောင်းမွန်သည့် လုပ်ငန်းကို လုပ်ဆောင်နေခြင်းဖြစ်၍ ယခုကဲ့သို့ ဖမ်းဆီးထောင်ချခြင်းကို နားမလည်နိုင်ကြောင်း ကိုမင်းအောင်၏ မိခင်က ပြောဆိုသည်။
ပြီးခဲ့သည့် အပတ်အတွင်း တခြားသော ရခိုင်ပြည်နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ၄ ဦးကိုလည်း အာဏာပိုင်များက ဖမ်းဆီး ထောင်ချခဲ့ရာ တောင်ကုတ်မြို့နယ်မှ ၃ ဦး နှင့် ဂွ မြို့နယ်မှ ၁ ဦး ပါဝင်ကြောင်းသိရသည်။
အထက်ပါ ဖမ်းဆီးထောင်ချခံရသူများမှာ တောင်ကုတ် အန်အယ်လ်ဒီမှ ဥက္ကဌ ဦးကျော်ခိုင် အသက် ၈၀ ကျော်ကို ထောင်ဒဏ် ၇ နှစ် နှင့် ၆ လ ၊ အဖွဲ့ဝင် အသက် ၄၀ ၀န်းကျင်ရှိ ဦးထွန်းကြည်နှင့် ဦးသန်းဖေ တို့အား ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး ဂွ မြို့နယ်မှ အန်အယ်လ်ဒီ ဥက္ကဌ ဦးစိန်ကျော်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း အန်အယ်လ်ဒီက ပြောဆိုသည်။
ယင်းသို့ ထောင်ဒဏ် ချမှတ်ခံရသည့် ရခိုင်ပြည်နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ၅ ဦး စလုံးကို သံတွဲမြို့ အကျဉ်းထောင်တွင် ထားရှိသည်ဟုလည်း သိရသည်။
လွန်ခဲ့သော သြဂုတ်လမှစတင်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲများအတွင်း ဖမ်းဆီးအရေးယူခံရသော အန်အယ်လ်ဒီ အဖွဲ့ဝင် ပေါင်း ၃၀၀ နီးပါးရှိပြီ ဖြစ်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။
စစ်တွေမြို့တွင်လည်း ယင်းသို့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ပါဝင်ဦးဆောင်သည့် သံဃာတော် ဦးအိန္ဒြိယ သက်တော် ၂၀ နှစ် ကို အာဏာပိုင်များကဖမ်းဆီး၍ ထောင်ဒဏ် ၇ နှစ် နှင့် ၆ လ ချမှတ်၍ စစ်တွေအကျဉ်းထောင်တွင်ထားရှိ သည်ဟု စစ်တွေမြို့မှ သံဃာတော်တပါးက ပြောဆိုသည်။
စစ်အစိုးရသတင်းစာများကမူ ရန်ကုန်နှင့် တခြားမြို့များတွင် ဆန္ဒပြသူ ၃၀၀၀ နီးပါးကို ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ပြီး လူ ၂၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာ ၄၆၈ ဦးသာ လွတ်ရန် ကျန်ရှိနေသည်ဟု ယမန်နေ့ကထုတ်ပြန်သည်။ [Top] |