#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဖမ်းဆီးမှုများရပ်တန့်ရန်နှင့် ဖမ်းထားသူများပြန်လွှတ်ရန် ဂန်ဘာရီ တောင်းဆို
ဧရာဝတီ | အောက်တိုဘာ ၁၅၊ ၂၀၀၇

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီ က နိုင်ငံရေးလှုပ်ရှားသူများအား ဖမ်းဆီးမှုများကိုရပ်တန့်ရန်နှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် နအဖ စစ်အစိုးရကို တောင်းဆိုလိုက်သည်။

မစ္စတာ အီဘရာဟင် ဂန်ဘာရီ [ဓာတ်ပုံ - AFP]

ဘန်ကောက်မြို့တွင်ယနေ့ပြုလုပ်သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ နစ်ဖိဘွန် ဆုံခမ်းနှင့် မစ္စတာ ဂန်ဘာရီတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးအပြီး စစ်အစိုးရအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အာရှဒေသတွင်းနိုင်ငံများကလည်း နအဖ စစ်အစိုးရကို ဖိအားပေးကြရန် မစ္စတာ ဂန်ဘာရီက ပြောဆိုလိုက်သည်။ မစ္စတာ ဂန်ဘာရီသည် နိုဝင်ဘာလလယ် (သို့မဟုတ်) ၎င်းထက်စော၍ မြန်မာနိုင်ငံသို့ သွားရောက်ရန် အစီအစဉ် ရှိပြီး ထိုခရီးစဉ် မတိုင်မီ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တရုတ် နိုင်ငံများသို့သွားရောက် ကာ မြန်မာ့ရေးကို ဆွေးနွေးမည်ဖြစ်သည်။

မစ္စတာ ဂန်ဘာရီ၏ အခြေခံကျသည့် တောင်းဆိုချက်များကို မြန်မာ့ဒီမိုကရေစီအင်အားစုများက ကြိုဆိုလိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက “ကျနော်တို့ ၀မ်းမြောက်ကျေနပ်တဲ့အကြောင်း ပြောချင်တယ်။ ဒေသတွင်းဆွေးနွေးပွဲတွေပြီးတဲ့အခါ မြန်မာနိုင်ငံကို အမြန်ဆုံးလာရောက်ပြီး ဖမ်းဆီးထားသူတွေ .. နိုင်ငံရေးအကျဉ်းသား တွေ အမြန်ဆုံးပြန်လွှတ်ဖို့ကိစ္စကို ဆောင်ရွက်စေချင်တယ်” ဟု ဧရာဝတီကို ပြောသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကိုလည်း အဖမ်းခံထားရသည့် နိုင်ငံရေးလှုပ်ရှားသူများနှင့် တွေ့ဆုံခွင့်ရအောင် ကြိုးစားရန် ကိုစိုးထွန်းက တိုက်တွန်းလိုက်သည်။

ပြည်ပအခြေစိုက် မြန်မာ့ဒီမိုကရေစီအင်အားစုများကလည်း မစ္စတာ ဂန်ဘာရီ၏ တောင်းဆိုချက်များကို ထောက်ခံကြိုဆို ကြကြောင်း ပြောဆိုကြသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “မစ္စတာ ဂန်ဘာရီက အခုလိုပြောတာကောင်းပါတယ်။ နအဖ အနေနဲ့ ဒါကိုလိုက်နာဖို့လိုပါတယ်။ မလိုက်နာဘူးဆိုရင်တော့ တကယ်လက်တွေ့ကျတဲ့အရေးယူမှုမျိုးကို မစ္စတာ ဂန်ဘာရီက လုံးခြုံရေးကောင်စီမှာ တင်သွင်းသင့်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့၏ တာဝန်ရှိသူများကလည်း မစ္စတာ ဂန်ဘာရီ၏တောင်းဆိုချက်များကို ထောက်ခံကြိုဆိုကြောင်း ဧရာဝတီကို ပြောဆိုကြသည်။

စက်တင်ဘာလကဖြစ်ပွားခဲ့သည့် လူထုလှုပ်ရှားမှုများကို သံဃာ့တပ်ပေါင်းစုနှင့်အတူ လက်တွဲဦးဆောင်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကျောင်းသားခေါင်းဆောင် ၃ ဦးနှင့် ဗကသ များအဖွဲ့ချုပ်၏ ခေါင်းဆောင် ၃ ဦးနှင့် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်အချို့ကို လွန်ခဲ့သည့်အပတ်အတွင်း စစ်အစိုးရက ထပ်မံဖမ်းဆီးလိုက်သည်။

သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကျောင်းသားခေါင်းဆောင် ၁၃ ဦးကိုဖမ်းဆီးခဲ့သည်။ စက်တင်ဘာ လူထုဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သံဃာတော်များအပါအ၀င် လူ ၂၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်။

စစ်အစိုးရအကျဉ်းစခန်းများအတွင်း ဖမ်းဆီးထားသူများကို ညှဉ်းပန်းနှိပ်စက်မှုများလည်းပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.