ကျောင်းသားခေါင်းဆောင်များ ထပ်အဖမ်းခံရ
ကိုသက် | အောက်တိုဘာ ၁၃၊ ၂၀၀၇
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုဌေးကြွယ်၊ ကိုအောင်သူ၊ မမီးမီးနှင့် ၎င်းတို့အား အကူအညီပေးနေသူ ကိုကိုတို့ ၄ ဦး ၎င်းတို့ရှောင်တိမ်းနေသည့်အိမ်တွင် ယနေ့နံနက်ပိုင်းက အဖမ်းခံရကြောင်း သိရသည်။
ကိုဌေးကြွယ်သည် သြဂုတ်လ ၂၁ ရက်နေ့ည ကဖမ်းဆီးခဲ့သည့် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အဖမ်းခံရစဉ်ကတည်းက ရှောင်တိမ်းနေရင်း လူထုလှုပ်ရှားမှုများကို ဆက်လက်ဦးဆောင်နေသူ ဖြစ်သည်။

ကိုအောင်သူနှင့် မမီးမီးတို့မှာ သြဂုတ်လ ၂၂ ရက်နေ့တွင်စတင်သည့် ဆန္ဒပြလမ်းရှောက်ပွဲများကို ဦးဆောင်ခဲ့သူများ ဖြစ်ကြသည်။
စစ်အစိုးရ၏ လတ်တလောဖမ်းဆီးနှိပ်စက်မှုများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ အကူအညီပေးရန် တောင်းဆိုလိုက်သည်။
“အနည်းဆုံး နိုင်ငံတကာကြက်အခြေနီအဖွဲ့က ထိန်းသိမ်းထားသူတွေကို စောင့်ရှောက်ခွင့်တွေရရင် နည်းနည်းတော့သက်သာမယ်။ နောက်ပြီးအမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုတယ်။ ဒီကိစ္စကို ပြောနေတာလည်း ထပ်တလဲလဲရှိနေပါပြီ။ အဲဒါမှမဖြစ်ဘူးဆိုရင် ကျနော်တို့အားလုံး လည်ဆင်းခံနေရတဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတကာအသိုင်းအ၀န်းကလည်း ဒီကိစ္စကိုဝိုင်းဝန်းလုပ်ဆောင်စေချင်တယ်” ဟု ကိုစိုးထွန်းက ပြောသည်။
ပြည်သူတရပ်လုံးက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့နိုင်ငံရေးအခြေအနေအား ပြုပြင်ပြောင်းလဲ နိုင်မည့်ဆုံးဖြတ်ချက်မျိုးကို မျှော်လင့်ခဲ့သော်လည်း ဖြစ်မလာကြောင်း ကိုစိုးထွန်းက ပြောသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က လုံခြုံရေးကောင်စီဥက္ကဌက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ နအဖ စစ်အစိုးရ၏အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်းကိုသာ ဖော်ပြထားပြီး အရေးယူဆောက်ရွက်မှုများ ၎င်းကြေညာချက်တွင်မပါဝင်ပေ။
ကိုဌေးကြွယ်သည် ၁၉၉၁ ခုနှစ်မှ ၂၀၀၄ ခုနှစ် အောက်တိုဘာလအထိ အင်းစိန်ထောင်နှင့် သာယာဝတီထောင် တို့တွင် အကျဉ်းကျခံခဲ့ရပြီး ကိုအောင်သူမှာ ၁၉၉၀ ခုနှစ်မှစ၍ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ ရသည်။
“၈၈ ကျောင်းသားတွေအပြင် ကျနော်တို့နဲ့ဆက်နွယ်မှုအနည်းအကျင်းရှိသူတွေကိုလည်း အငြိုးတကြီးနဲ့ လိုက်ဖမ်းနေတယ်။ ရှစ်လေးလုံးနှစ်ပတ်လည်ပွဲကို လာသူမှန်သမျှကို ဖမ်းဆီးမေးမြန်းတာတွေရှိနေတယ်။ ကျနော်တို့အင်အားစုတွေအားလုံးကတော့ ဒီလိုဖမ်းဆီးမှုတွေကို ကြံ့ကြံ့ခံရင်း လူထုလှုပ်ရှားမှုတွေကို ဆက်လက် ဖော်ဆောင်သွားမှာဖြစ်တယ်” ဟု ကိုဌေးကြွယ်အဖမ်းမခံရမီရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောဆိုခဲ့သည်။
မမီးမီးသည် ၁၉၉၆ ခုနှစ်တွင် အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။
ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီမှ ကိုအောင်ကြီးကိုလည်း ယမန်နေ့ညက ၎င်းရှောင်တိမ်းနေသည့်အိမ်တွင် အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်။ ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီကိုဦးဆောင်သူ ကိုထင်ကျော်မှာ သြဂုတ်လအတွင်းက ရန်ကုန်မြို့ သိမ်ကြီးဈေးအနီးတွင် မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့မှ ဦးဇော်ညွန့်နှင့်အတူ ဆန္ဒပြရင် အဖမ်းခံခဲ့ရသည်။ [Top]
|