ဒီပဲယင်းတိုက်ခိုက်မှု အဓိကတာဝန်ရှိသူ ၀န်ကြီးချုပ် စိုးဝင်း ကွယ်လွန်
ကိုစိုး | အောက်တိုဘာ ၁၃ ၊ ၂၀၀၇
စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီး စိုးဝင်းသည် သွေးကင်ဆာရောဂါကို လပေါင်း များစွာ ခံစားနေရပြီး ထိုဝေဒနာအတွက် စင်္ကာပူ နိုင်ငံသို့ ဆေးကုသမှုသွားရောက်ခံယူခဲ့ရသည်။ ထို့နောက် စက်တင်ဘာ လကုန်ပိုင်း၌ စင်္ကာပူမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆက်လက်၍ ဆေးကုသမှုခံယူနေရာမှ ယခုကဲ့သို့ ကွယ်လွန်သွားခဲ့ ခြင်း ဖြစ်သည်ဟု သိရသည်။
 |
| စိုးဝင်း |
အသက် (၅၉)နှစ်ရှိ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်း ဒီပဲယင်း၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကို တိုက်ခိုက်မှုတွင် အဓိကတာဝန်ရှိသူတဦး ဖြစ်သည်ဟု အေပီ သတင်းက ရေးသားသည်။
အဆိုပါ ဒီပဲယင်းတိုက်ခိုက်မှုတွင် လူ (၄) ဦးသေဆုံးပြီး (၅၀) ဒဏ်ရာရသည်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့ သော်လည်း သေဆုံးသူ (၂၈၂) ဦးအထိရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) က ထုတ်ပြန်ဖော်ပြသည်။
“ဒီပဲယင်း လူသတ်သမား” ဟု ခေါ်ဆိုခံရသော ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ၀န်ကြီးချုပ်နေရာပင်ရထားသော်လည်း ၎င်း၏ လုပ်ပိုင်ခွင့်နည်းပါးကြောင်း၊ သို့သော် အာဏာကို အလုံးစုံချုပ်ကိုင်ထားသည့် စစ်အစိုးရအတွက်မူ နာမည် ဆိုးအထွက်ခံ၍ အမာခံရပ်တည် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း အေပီက ဖော်ပြသည်။
ဗိုလ်ချုပ်ကြီးစိုးဝင်း ပထမဆုံး စတင် နာမည်ဆိုးထွက်သည့်လုပ်ရပ်မှာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ရန်ကုန် တက္ကသိုလ်ဝန်းကျင်နှင့် ရန်ကုန်ဆေးရုံကြီးရှေ့ရှိ ဆန္ဒပြလူအုပ်အား စစ်တပ်ကို ပစ်မိန့်ပေး၍ ဖြိုခွဲခဲ့ခြင်းဖြစ်သည်။
သို့သော် စစ်အစိုးရက ဒု ဗိုလ်ချုပ်ကြီးသိန်းစိန်အား မေလအတွင်းကပင် ယာယီဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး စိုးဝင်း၏ နေရာကို ပေးအပ်ထားပြီး ၎င်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သစ္စာရှိလူယုံ တဦးဖြစ်သည်ဟု အေပီသတင်းတွင် ပါရှိသည်။
ဗိုလ်ချုပ်ကြီး စိုးဝင်းသည် အနောက်မြောက်တိုင်း စစ်ဒေသမှူးနှင့် လေကြောင်းရန်ကာကွယ်ရေးဌာန အကြီးအကဲ ဖြစ်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး (၂) ဖြစ်လာခဲ့သည်။ ၎င်းသည်၂၀၀၃ ခုနှစ် စစ်အစိုးရ ၀န်ကြီးများအပြောင်းအလဲတွင် အတွင်းရေးမှူး (၁) နေရာသို့ ရာထူးတိုးလာခဲ့ကာ ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ၀န်ကြီးချုပ်ဟောင်း ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ၀န်ကြီးချုပ် နေရာ ရလာခဲ့သူဖြစ်သည်။
ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန်းသန်းနွဲ့နှင့် သား တဦး၊ သမီး တဦး ကျန်ရစ်သည်။ ၎င်း၏ အမွှာညီအစ်ကို ဗိုလ်ချုပ်တင်ထွန်းသည်လည်း စက်တင်ဘာလ အတွင်းက ကွယ်လွန်ခဲ့သည်။
ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်သည့်နာရေးသတင်းကို စစ်အစိုးရသတင်းစာများက အကျယ်တ၀င့်ဖော်ပြခြင်းမရှိဘဲ ၀မ်းနည်းကြောင်းကြော်ငြာကိုမူ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ရေးကောင်စီအနေနှင့်တခု၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အနေနှင့် တခု ဖော်ပြပါရှိသည်ကို တွေ့ရှိရသည်။ [Top]
|