#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ခွေးတွေလည်း ဆန္ဒပြပြီ
ကိုသက် | အောက်တိုဘာ ၁၂၊ ၂၀၀၇

နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်ဗိုလ်ချုပ်များ၏ ရုပ်ပုံများကို ခွေးများ၏ လည်ပင်းတွင် ချိတ်ဆွဲကာ လူစည်ကားရာလမ်းများတွင် အုပ်လိုက်လွှတ်သည့်လှုပ်ရှားမှုများ ရန်ကုန်တွင်ပြုလုပ်နေကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၏ ပုံများကိုလည်း ခွေးလည်ပင်းများတွင် ချိတ်ဆွဲထားပြီး ၎င်းခွေးများအား မည်သူကလွှတ်လိုက်သည်ကို မသိရကြောင်းလည်း ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။

 “ရွှေဂုံတိုင်မီးပွိင့်နားမှာ ပုံတွေကို ခွေးလေးငါးကောင် ရဲ့လည်ပင်းမှာ အပေါက်ဖောက်ပြီး ဆွဲထားတာကိုတွေ့တာ လေးငါးကောင်ကတော့ လည်ပင်းမှာ မချိတ်ထားဘူး။ ပုံတွေကို ပလတ်စတစ်တောင် လောင်းထားသေးတယ်။ မီးသတ်တွေက ခွေးလိုက်ဖမ်းတော့ ကားတွေ၊ လူတွေအကုန် ယောက်ယက်ခတ်သွားတယ်” ဟု ရန်ကုန်မြို့ခံက ပြောသည်။

တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ ဒေါပုံနှင့် သာကေတမြို့နယ်များတွင်လည်း အလားတူ ခွေးလွှတ်ပွဲများ ပြုလုပ်ကြောင်း သိရသည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းကာ ကျောင်းသားများအား ဖမ်းဆီး ထောင်ချစဉ်က အလားတူလှုပ်ရှားမှုများကို ကျောင်းသားအချို့က ပြုလုပ်ခဲ့ကြသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်းဖက်ဖြိုခွဲခဲ့အပြီး ကျောင်းသားအချို့က စည်ပင်သာယာပိုင် မိလ္လာကားများတွင် ဆန္ဒပြသမားများက တပ်မတော်ရိက္ခာဟူသည့်စာများကိုလည်း ကပ်ခဲ့ကြဖူးသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.