#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ အခြေအနေမကောင်း
ဧရာဝတီ | အောက်တိုဘာ ၁၂၊ ၂၀၀၇

စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲမှုများပြုလုပ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ထိခိုက်ကျဆင်းကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ Asia Dragon Travels ခရီးသွားကုမ္ပဏီ နှင့် Diamond View Travels & Tours ခရီးသွား ကုမ္ပဏီများက လက်ရှိအခြေအနေအရ နိုင်ငံခြားသား ခရီးသွားဧည့်သည် လုံးဝ မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ပြည်တွင်းဧည့်သည် နည်းနည်းပဲ ရှိတယ်၊ နိုင်ငံခြားသား တယောက်မှ မလာဘူး”ဟု အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူများ ကပြောသည်။

နာမည်ကြီး ဦးတေဇ ပိုင် ထူးကုမ္ပဏီမှ ဟိုတယ်များတွင်လည်း လာရောက်တည်းခိုသည့် ဧည့်သည်မရှိသောကြောင့်
ဝန်ထမ်းများကို ခွင့်မပေးကြောင်း၊ အလုပ်ပျက်ပါက လစာလည်းမပေးကြောင်း၊ ယင်းထူးကုမ္ပဏီ ပိုင် အခန်း ၇၂ ခန်းပါ ဟိုတည်တခုတွင် အခန်း ၂ ခန်း သာ တည်းခိုသူရှိကြောင်း ကုမ္ပဏီ ၀န်ထမ်းတဦးကပြော သည်။

စစ်အစိုးရက ပြီးခဲ့သည့် ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်းသည့်ကာလတွင် တယ်လီဖုန်းလိုင်းများနှင့် အင်တာနက် အသုံးပြုမှုများကို ပိတ်ပင်ဖြတ်တောက်ခြင်းသည် ခရီးသွားလုပ်ငန်းကို ထိခိုက်စေသည်ဟုလည်း ဟိုတယ် လုပ်ငန်းသမား တဦးက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများကိုပါ ထိခိုက်မှုရှိကြောင်း၊ လေယာဉ် တစင်းတွင် ခရီးသည် ၁၅ ဦးသာ စီးမည့်သူ ရှိကြောင်း အဲပုဂံ လေကြောင်းလိုင်းမှ ၀န်ထမ်းတဦးကလည်းပြောသည်။

အမေရိကန်၊ ဗြိတိန်နှင့် နယူးဇီလန် နိုင်ငံ အပါအ၀င် နိုင်ငံတကာ ခရီးသွား ကုမ္ပဏီ တချို့က မြန်မာနိုင်ငံသို့ ခရီးသွား လာခြင်း မပြုလုပ်ကြတော့ဟုလည်း ဆိုသည်။

Orient-Express Hotels Trains and Cruises ဟိုတယ်နှင့် ခရီးသွားလာရေး ကုမ္ပဏီသည် အောက်တိုဘာလ ကုန်အထိ မြန်မာနိုင်ငံသို့ ခရီးသွားမည့် အစီအစဉ် မရှိကြောင်း သိရသည်။

ယခုနှစ် ပြီးခဲ့သည့် သြဂုတ်လ အထိ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည် ၁၉၀ ၀၀၀ ဦးရေ ရှိပြီး ယမန်နှစ်က ၂၆၃ ၅၀၀ ဦးရေ ရှိခဲ့သည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.