#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အဖမ်းဆီးခံကျောင်းသားခေါင်းဆောင် ခွဲစိတ်ကုသမှုမအောင်မြင် အာရုံကြောထိခိုက်
ကိုသက် | အောက်တိုဘာ ၁၂၊ ၂၀၀၇

မကြာခင်က အထိန်းသိမ်းခံခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်၏ ဘယ်ဘက် မျက်လုံးခွဲစိတ် ကုသမှု အောင်မြင်ခြင်းမရှိသောကြောင့် အာရုံကြောထိခိုက်သွားကြောင်း သိရသည်။

ကိုလှမျိုးနောင်

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုစိုးထွန်းက “အာရုံကြော ထိသွားတာပဲ သိရ သေးတယ်၊ အမြင်အာရုံနဲ့ပဲ ဆိုင်လား၊ ဘာနဲ့ဆိုင်လဲဆိုတာကို အသေးစိပ်မသိရ သေးဘူး။ အာရုံကြောထိတယ်ဆိုတာကိုပဲ ရဲက အိမ်မှာလာပြောသွားတာ”ဟု
ဧရာဝတီကို ပြောသည်။

ကိုလှမျိုးနောင်ကို အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ မျက်စိအထူးကု ဆေးခန်းတခုတွင် အရပ်ဝတ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “ဘယ်နေရာမှာ ဘယ်လိုခွဲစိတ် ကုသမှုတွေ လုပ်တယ်ဆိုတာ မသိရဘဲ ခွဲစိတ်မှုမအောင်မြင်ဘူးလို့ အကြောင်း ကြားတာ စဉ်းစားစရာရှိပါတယ်။ ကိုလှမျိုးနောင်အခြေအနေက အင်မတန်စိုးရိမ် စရာကောင်းတဲ့ အခြေအနေပါ”ဟု ဧရာဝတီကို ပြောသည်။

ကိုလှမျိုးနောင်သည် ၁၉၈၈ ခုနှစ် မတ်လက ရန်ကုန်တက္ကသိုလ်တွင်ဖြစ်ပွားခဲ့သည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဖြစ်ပြီး ပထမဆုံးအဖမ်းခံရသည့် ကျောင်းသူကျောင်းသား ၁၄၁ ဦးတွင် ပါဝင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ဒုတိယအကြိမ် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်နှင့် သရက်ထောင်တို့၌ ထောင်ဒဏ် ၅ နှစ် ကျခဲ့ရသည်။

ကိုလှမျိုးနောင်သည် ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းက ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ (မကဒ) အဖွဲ့ကို စတင်တည်ထောင်သူများတွင်လည်း ပါဝင်သည်။

စစ်အစိုးရက ယခုရက်ပိုင်းအတွင်း ကျောင်းသားလူငယ်များနှင့် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေး မှုများ ပြုလုပ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းကလည်း နိုင်ငံရေးလှုပ်ရှားသူ ဒေါ်နော်အုန်းလှအား အာဏာပိုင်တို့က နေအိမ်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဒေါ်နော်အုန်းလှသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြုလုပ်သည့် အင်္ဂါနေ့ဝတ်ပြုဆုတောင်းပွဲများကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ညက အဖမ်းခံခဲ့ရသော အသက် ၁၇ နှစ်သာရှိသေးသည့် ရဲမြတ်ဟိန်း၏မိခင် ဒေါ်စန်းအေး ကလည်း “အခုလို မတရားဖမ်းဆီးလို့ ကျမလို သားသမီးနဲ့ကွဲနေရတဲ့ ဒုက္ခမျိုးကို ခံစားနေရတဲ့ မိဘမျိုးတွေ မြန်မာပြည်မှာ အများကြီးရှိတယ်ဆိုတာ နိုင်ငံတကာကလူတွေ သိစေချင်တယ်။ ပြည်ပကလူတွေကလည်း မြန်မာပြည်အရေးကို ဆက်လက် ဆောင်ရွက်ကြစေချင်တယ်” ဟု ဧရာဝတီကို ပြောသည်။

ရဲမြတ်ဟိန်းသည် မေလအတွင်းကပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး
ဝတ်ပြုဆုတောင်းပွဲများတွင်လည်း ပါဝင်ခဲ့သောကြောင့် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၄၅ ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

လတ်တလော ဖမ်းဆီးညှဉ်းပန်းမှုများနှင့် ပတ်သက်၍ ဦးတိတ်နိုင်က “အခုလို တရားလက်လွတ် ဖမ်းဆီးနေတာတွေကို နိုင်ငံတကာအသိုင်းအ၀န်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့လိုပါတယ်။ အခုလို ဆက်လုပ်နေတာတွေကို ရပ်တန်းကရပ်ဖို့ အတွက် ပြင်းပြင်းထန်ထန် ဖိအားပေးဖို့လိုပါတယ်”ဟု ပြောသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.