#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဒီမိုကရေစီလှုပ်ရှားသူ အလောင်းများ ဖျောက်ဖျက်ခံနေရ
ကိုစိုး | အောက်တိုဘာ ၁၀၊ ၂၀၀၇

စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးနေစဉ် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင်တဦး သေဆုံးသွားကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုဝင်းရွှေ အသက် (၄၂) နှစ်သည် စစ်ကြောရင်း လက်လွန်သေဆုံးသွားခဲ့ကြောင်း မိသားစုကို ယမန်နေ့က အကြောင်းကြားခဲ့သည် ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ယနေ့ ထုတ်ပြန်သည်။

ကိုဝင်းရွှေ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်အား မိသားစုကကြည်ရှုခွင့်မရဘဲ မီးသင်္ဂြီုဟ်လိုက်ပြီ ဖြစ်ကြောင်းကိုသာ အာဏာပိုင်များက အကြောင်းကြားခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးသူ ကိုဝင်းရွှေသည် သံဃာတော်များ မေတ္တာပို့ရွတ်ဆို ဆန္ဒပြရာတွင်ပါဝင်အားပေးသည့်အတွက် စက်တင်ဘာလ၂၆ ရက်နေ့ညတွင် အာဏာပိုင်များက ၎င်း၏ လုပ်ဖော်ကိုင်ဖက် ၅ ဦးနှင့် အတူဖမ်းဆီးခဲ့ပြီး မန္တလေးမြို့အနီးရှိ ပလိပ်မြို့ ရဲတပ်ရင်း၌ ထိန်းသိမ်းစစ်ကြောခဲ့ရာ လွန်ခဲ့သော ၃ ရက်ခန့်က စစ်ကြောရင်း လက်လွန် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု အေအေပီပီ က ဖော်ပြထားသည်။

“စစ်ကြောရေး စခန်းတွေမှာ စစ်ဆေးရင်း သေဆုံးသွားတဲ့သူတွေရဲ့အလောင်းတွေကို ဖျောက်ဖျက်ပစ်တာတွေ အများကြီး ရှိတယ်လို့ သိရပါတယ်၊ ဒါတွေဟာ အင်မတန် ဆိုးရွားရက်စက်လွန်းတဲ့ ကျူးလွန်မှုတွေပါပဲ”ဟု အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောသည်။

လွန်ခဲ့သော သြဂုတ်လ ၁၉ ရက်နေ့က စတင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး၍ သေနတ်ဖြင့် ပစ်ခတ် နှိမ်နင်းပြီး သေဆုံးခဲ့သည့် ရုပ်အလောင်းများကို လျှို့ဝှက်မီးရှို့ ဖျက်ဆီးခြင်း၊ မြစ်ထဲသို့ ရေမျှောပစ်ခြင်းများ ရှိသည်ဟု လည်း ၎င်း က ပြောဆိုသည်။

ရက်အနည်းအငယ်အတွင်းက ပုဇွန်တောင် ချောင်းအတွင်းတွေ့ရှိခဲ့ရသည့် သံဃာတော်တပါး၏ ရုပ်ကလာပ် အပါအ၀င် ပျံလွန်တော်မူခဲ့ရသော သံဃာတော်များစာရင်း၊ အရပ်သား သေဆုံးသူများနှင့် ပျောက်ဆုံးသူများ စာရင်းကို ဆက်လက်ပြုစု နေသည်ဟုလည်း အေအေပီပီ က ဆိုသည်။

ဦးတိတ်နိုင်က ဆက်လက်ပြီး“ဒီစစ်အစိုးရဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ဆိုးဆိုးရွားရွားကို ကျူးလွန် ချိုးဖောက်နေတာပါပဲ”ဟု ပြောသည်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် သတ္တဗေဒ ဘာသာ အဓိက ကျောင်းသူ ၂ ဦးသည်လည်း အာဏာပိုင်များက ကျိုက္ကဆံ စစ်ကြောရေး စခန်းတွင် ဦးခေါင်းပေါ်ရေဖြင့်လောင်း စစ်ဆေးရာမှ သေဆုံးခဲ့ရသည်ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကိုကျော်ကိုကို က ၎င်းဖမ်းဆီးမခံရမီ ယမန်နေ့က ဧရာဝတီသို့ ပြောဆိုခဲ့သည်။

အဆိုပါ ကျောင်းသူ ၂ ဦးသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြချီတက်ရာမှ သံဃာတော် တချို့နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.