#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မန္တလေးတိုင်း မတ္တရာမြို့နယ် အဖွဲ့ချုပ်ဝင်များ မတရား ထောင်ဒဏ်တပ်ခံရ
အေးလဲ့ | အောက်တိုဘာ ၉၊ ၂၀၀၇

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု ဥက္ကဌ မတ္တရာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်အမှုတွင် တရားစွဲခံရသူ ၉ ဦးအား ထောင်ဒဏ် ၅ နှစ်မှ ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်ကျခံသူများမှာ အန်အယ်လ်ဒီ မတ္တရာမြို့နယ် စည်းရုံးရေး ဒု ဥက္ကဌ ဦးညိုကြီး၊ မတ္တရာ မြို့နယ် ဥက္ကဌ ဦးခင်မောင်သန်း၏သား ကိုညီညီ၊ မြို့နယ် အတွင်းရေးမှုး ဦးကျော်ဆွေ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ဝင် ဦးသောင်းနိုင်၊ တွဲဖက်အတွင်းရေးမှုး ဦးညိုလေး၊ ဦးသန်းလွင်၏သမီး ဒေါ်ခင်မကြီးနှင့် ဒေါ်ခင်မလေး၊ သားဖြစ်သူ ကိုဇော်မင်းလွင် နှင့် သားမက်ဖြစ်သူ ဦဥာဏ်စိန်တို့ကို မတ္တရာမြို့နယ် တွဲဖက်တရားသူကြီး ဦးမြင့်ဟန်က သောကြာနေ့တွင် ပြစ်ဒဏ်ချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးမြင့်သွင်ကပြောသည်။

“အခုချိန်အထိ ဦးသန်းလွင်ကို ထိုးသွားတဲ့ တရားခံကိုတော့ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး၊ ရဲစခန်းမှာ အမှုလည်း မဖွင့်ရသေးဘူး”ဟု ဦးမြင့်သွင် ကပြောသည်။ 

ယင်းအမှုတွင် အန်အယ်လ်ဒီ မတ္တရာမြို့နယ် စည်းရုံးရေး ဒု ဥက္ကဌ ဦးညိုကြီးသည် ကြံဖွံ့ရုံးရှေ့တွင် ဂုဏ်သိက္ခာကျဆင်း စေရန် ခြိမ်းခြောက်ပြောဆိုမှု ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ (၅၀၆) ဒုတိယပိုင်းဖြင့် ထောင်ဒဏ် ၇နှစ်၊ ကျန်ရှိ သူများကို ပုဒ်(၅၀၆)ဒုတိယပိုင်း (၁၁၄) ဦးညိုကြီး ခြိမ်းခြောက်ပြောဆိုရာတွင် ထောက်ခံ့မှုဖြင့် ထောင်ဒဏ် ၅နှစ်စီ ချခဲ့သည်ဟု ၎င်းက ဆိုသည်။

ဦးသန်းလွင်ကို သံလက်သီးဖြင့်ထိုးသွားသူက ကြံ့ဖွံ့ရုံးထဲဝင်ပြေးသွားသည်ကို ဦးညိုကြီးက တွေ့ရှိခဲ့သောကြောင့် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ သံလက်သီးဖြင့် အထိုးခံခဲ့ရပြီး တရားစွဲခံထားရသူ ဦးသန်းလွင် အသက် (၇၀)နှစ်ကို အောက်တိုဘာ ၂ ရက်နေ့ ညက နေအိမ်၌ ရဲ များက လာရောက်ဖမ်းဆီးသွားခဲ့သည်။

ဦးသန်းလွင်သည် ဇွန်လ ၁၅ရက် နေ့ကပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် ရေးဆုတောင်းပွဲမှ အပြန်တွင် အမည်မသိ လူတဦး၏ သံလက်သီးဖြင့် ထိုးခြင်းခံခဲ့ရသည့် အပြင် မတ္တရာမြို့နယ် မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးကျော်မင်းက တရားခံအဖြစ် ပြန်လည် တရားစွဲဆိုခြင်း ခံခဲ့ရသူ ဖြစ်သည်။

သံလက်သီးဖြင့် အထိုးခံရသောကြောင့် နှာခေါင်းရိုးကျိုးသွားပြီး မျက်လုံးတဘက်ပါ ထိခိုက်ခံခဲ့ရသည့်အတွက် ဦးသန်းလွင် သည် ဆေးရုံတွင် ၁၄ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရသည်။

ယင်းသို့ ဦးသန်းလွင် သံလက်သီးဖြင့် အထိုးခံခဲ့ရသည်ကို မတ္တရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း တာဝန်ရှိသူ များက ယခုအချိန်အထိ အရေးယူ ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီအမှုကို ကြည့်ခြင်းဖြင့် ကျနော်တို့နိုင်ငံမှာ တရားဥပဒေမစိုးမိုးနိုင်းသေးဘူး။ တရားဥပဒေ လွတ်လပ်မှု မရှိဘူး ဆိုတာကို ပြတာပဲ” ဟု ရှေ့နေ ဦးမြင့်သွင်က ဆိုသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.