#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဒေါ်စုလွှတ်ပေးရန် အန်အယ်လ်ဒီ တောင်းဆို
ကိုစိုး | အောက်တိုဘာ ၅၊ ၂၀၀၇

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် တောင်းဆိုကြေညာသည့် အချက်များအား ပြန်လည်ဖြေကြားနိုင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ယနေ့ တောင်းဆိုလိုက်သည်။

ဓာတ်ပုံ - AFP

အဆိုပါတောင်းဆိုချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကိုတပ်၍ ဖော်ပြခြင်းဖြစ်သည့်အတွက် ယင်း တောင်းဆိုကြေညာချက်များကို ပြန်လည်ဖြေကြားနိုင်ရန် အတွက် လွှတ်ပေးရန် လိုအပ်သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။

ယနေ့ သတင်းစာပါ အောက်တိုဘာ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ၁/၂၀၀၇ ကြေညာချက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရေး အတွက် အချက် ၄ ချက်ကို စွန့်လွှတ်ရန် တောင်းဆိုထား သည်။

သတင်းစာပါ တောင်းဆို ကြေညာချက်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန့်ရှင်းက အမိန့်အရ ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။

ယင်းကြေညာချက်ပါ အချက်များမှာ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေး အဆက် အသွယ်ဖြတ်တောက်ရေးအပါအ၀င် အလုံးစုံ ပိတ်ဆို့ရေးတို့ဖြစ်ပြီး ၎င်းအချက်များကို စွန့်လွှတ်ပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံစကားပြောမည်ဟု ဆိုသည်။

အထက်ပါတောင်းဆိုချက်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ နှင့် မကြားသေးခင်ကတွေ့ဆုံစဉ် ပြောဆိုမှာကြား လိုက်ခြင်း ဖြစ်သည်ဟုလည်း သတင်းစာတွင် ပါရှိသည်။

“အခု အစိုးရအဖွဲ့က အချက် ၄ ချက်ကို စွန့်လွှတ်ပါလို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် စွန့်လွှတ်မှလို့လည်း ပြောတယ်၊ ကျနော်ပြောချင်တာက အဲဒီအချက် ၄ ချက်က အန်အယ်လ်ဒီ ရဲ့မူဝါဒလည်း မဟုတ်ပါဘူး၊ ဒေါ်အောင် ဆန်းစုကြည်ရဲ့
မူဝါဒလည်း မဟုတ်ပါဘူး”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။

မစ္စတာ ဂန်ဘာရီသည် လွန်ခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ၎င်း၏ ၄ ရက်ကြာ ခရိးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နအဖ ထိပ်ပိုင်း ခေါင်းဆောင်များအပါအ၀င် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း ၂ ကြိမ် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့သည် ပြီးခဲ့သည့် ၁၉၉၄ ခုနှစ်တွင် တကြိမ်၊ ၂၀၀၀ ပြည့်နှစ်တွင် တကြိမ်၊ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ယင်း ၂ ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် အခြေအနေနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးအတွက် တောင်းဆိုချက်များထုတ်ပြန်နေခြင်းသည် အစစ်အမှန်တွေ့ဆုံလိုခြင်းမဟုတ်ဟု ရန်ကုန်ဒေသခံ အမျိုးသမီးတဦးကပြောသည်။

“ကျမအတွေ့အကြုံအရတော့ သူတို့ကို မယုံဘူး၊ အဲဒီ ဗိုလ်ချုပ်တွေက အမှန်တကယ် တွေ့ဆုံလိုစိတ်မရှိဘူးဆိုတာ ကျမ သိနေတယ်”ဟု လည်း အဆိုပါ အမျိုးသမီးကပြောသည်။

သတင်းစာဆရာတဦးဖြစ်သူ ဦးစိန်လှဦးကလည်း မြန်မာနိုင်ငံ၏ အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် စစ်အစိုးရ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း မြန်မာပြည်သူများက သိရှိလိုလား ကြသည်ဟု ပြောသည်။

“အမှတ်တကယ် တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ရင် မြန်မာပြည်သူအားလုံး ပျော်မယ်လို့ ကျနော်ထင်ပါတယ်”ဟု လည်း ဦးစိန်လှဦးကပြောဆိုသည်။

စားဝတ်နေရေးအခက်အခဲများနှင့် အထွေထွေ အကြပ်အတည်းများကြောင့် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲ များတွင် မြန်မာပြည်သူများ လမ်းပေါ်ထွက်၍ ပါဝင်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

သတင်းစာတွင် လတ်တလော ဖြစ်ပွားခဲ့သည့် သံဃာတော်များ စီတန်းလှည့်လည် ဆန္ဒပြတောင်း ဆိုမှုများသည် သံဃာတော်များနှင့် မအပ်စပ်သော နိုင်ငံရေးပါတီတခုနှင့် ဆူပူမှုကို လိုလားသည့် အခြားအဖွဲ့စည်းများ၏ လုပ်ဆောင်ချက် များဖြစ်ကြောင်း၊ ယင်း ဆူပူမှုကို မလိုလားသော သံဃာတော်များနှင့် ပြည်သူများ၏ အကူအညီ ဖြင့် တာဝန်ရှိသူများက ထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အန်အယ်လ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းကမူ ငြိမ်းချမ်းစွာဆန္ဒပြသည့် သံဃာတော်နှင့်ပြည်သူများအပေါ်အကြမ်းဖက် ဖြိုခွဲခြင်း သည် အင်အားကို လိုအပ်သည်ထက် ပိုသုံးခြင်းဖြစ်သည်ဟု ပြောသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ ပြည်သူ လူထုကို အကြမ်းဖက်ပြီးတော့ ဖြိုခွဲတယ်၊ ဆက်တိုက်လည်း သံဃာတော်တွေရဲ့ ကျောင်းတွေကို ညည ၀င်ဖမ်းတဲ့ ဖမ်းဆီးပွဲကြီးကိုလည်း ဆက်လက်လုပ်နေတာကို တွေ့ရ တယ်၊ ဒါဟာ အင်အားကို လိုတာထက်ပိုပြီး သုံးနေတယ်လို့ ပြောချင်ပါတယ်”ဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.