စစ်တပ်က စီးနင်းဖမ်းဆီးမှုများတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် ၂၀၀ ခန့် ဖမ်းဆီးခံရ
အေးလဲ့ | အောက်တိုဘာ ၅၊ ၂၀၀၇
ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်အစိုးရစစ်တပ်က ညအချိန်၌နေအိမ်များတွင် ၀င်ရောက် ဖမ်းဆီးမှုများကြောင့် အန်အယ်လ်ဒီ အဖွဲ့ဝင် ၂၀၀ ကျော် ဖမ်းဆီးခြင်းခံခဲ့ရသည် ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
အဖမ်းခံရသူများထဲတွင် ၁၉၉၀ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး ပါဝင်သည် ဟု ၎င်းကဆိုသည်။ ဆက်လက်၍ ဖမ်းဆီးနေဆဲဖြစ်ရာ ယမန်နေ့တွင်လည်း အန်အယ်လ်ဒီ အဖွဲ့ ၀င် ၄ ဦး ထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်ဟုလည်း သိရသည်။
“ကမာရွတ်မြို့နယ်မှာနေတဲ့ ကိုခင်မောင်အေးကို အန်အယ်လ်ဒီ ရုံးက အပြန်မှာ ရုံးရှေ့ မှာပဲ သူ့ကို ရဲက ကားပေါ် ဆွဲခေါ် တင်သွားတယ်”ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ထို့အတူ စကိုင်းတိုင်း အင်းတော် ရှိ အန်အယ်လ်ဒီအဖွဲ့ဝင် ၃ ဦး သည်လည်း ယမန်နေ့ည ၁၁ နာရီခန့်တွင် ဖမ်းဆီးခံရသည် ဟုသိရသည်။
“ထုံးစံလိုကို ဖြစ်နေတာ၊ ညအချိန်မှ လာဖမ်းတာက၊ ဘယ်အချိန်တံခါးလာခေါက်မလဲ ဆို တာ၊ အိပ်ပျော်နေ ချိန်မှာတောင် ဆွေးနွေးစရာရှိလို့တဲ့ ဆိုပြီးခေါ်တာပဲ”ဟု အန်အယ်လ်ဒီ မန္တလေးတိုင်းစည်း တဦးက သူမ အဖမ်းမခံရစဉ် ဧရာဝတီသို့ ပြောကြားသည်။
မန္တလေး တိုင်းစည်းတဦးကလည်း “အန်အလ်ဒီတိုင်းစည်း အားလုံးကို ဖမ်းဆီးဖို့စီမံကိန်း ရှိတယ်လို့ကြားတယ်၊ ဘယ်အချိန် လာဖမ်းမှာလည်းဆိုတာပဲ စောင့်နေရတယ်”ဟု ပြော သည်။
၈၈မျိုးဆက်သစ်ကျောင်းသားများပြောဆိုချက်အရ ထောက်ကြံ့တွင်ရှိသည့် ဘုန်းကြီး ကျောင်း တကျောင်းအား စစ်အစိုးရ စစ်သားများက ၀င်ရောက်စီးနင်း၍ သံဃာတော်သုံးပါး ကို ဖမ်းဆီးခဲ့ပြီး ကျန်သံဃာတော်များနှင့် သီလရှင်များအား ရိုက်နှက်ခဲ့သည်ဟု သိရသည်။
ထို့အတူ လွန်ခဲ့သည့် အင်္ဂါနေ့ကလည်းထောက်ကြံ့ရှိ ဆယ်ကျော်သက် ၁၃-၁၄ နှစ် အရွယ်နှစ်ဦးကို စစ်ကားဖြင့် ဖမ်းဆီးသွားသည်ဟု ဒေသခံတဦးက ဆိုသည်။
၈၈မျိုးဆက်သစ်ကျောင်းသားများက ၎င်းလူငယ်များကို စစ်တပ်အတွက် ခေါ်ဆောင်ခြင်းဖြစ်မည်ဟု သံသယ ရှိကြောင်း ပြောသည်။ ထောက်ကြံ့တွင် ရှိသည့် ပုဂ္ဂလိကကျောင်းတ ကျောင်းရှေ့တွင် စစ်သား ၇ ဦးက လည်း စောင့်ကြည့်နေသည်ဟု ဆိုသည်။
၈၈မျိုးဆက်သစ်ကျောင်းသားများနှင့် အန်အယ်လ်ဒီ အဖွဲ့က အနည်းဆုံး သေဆုံးသူ ၁၃၀နှင့် ၃၀၀၀ နီးပါး ခန့်ဖမ်းဆီးခံခဲ့ ရပြီး ၁၂၀၀ကျော်မှာ သံဃာတော်များဖြစ်သည် ဟု ဆိုသည်။
အစိုးရဆန့်ကျင်သူများ၏ ပြောပြချက်အရ အနည်းဆုံး ၂၀၀ ခန့် သေဆုံးပြီး ၆၀၀၀ခန့် အဖမ်းခံရသည်ဟု သိရသည်။
အစိုးရ သတင်းမီဒီယာများက ၁၀ ဦးသေဆုံး၍ ၂၀၉၃ဦး ဖမ်းဆီးခဲ့ပြီး ၆၉၂ ဦး ပြန်လွှတ်ပြီးဖြစ်သည်ဟု ဆိုသည်။ [Top] |