အကြမ်းဖက်ဖမ်းဆီးနှိမ်နင်းမှုများကြောင့် သံဃာတချို့ နယ်စပ်ရောက်
ကိုသက် | အောက်တိုဘာ ၅၊ ၂၀၀၇
စစ်အစိုးရ၏ အကြမ်းဖက်ဖမ်းဆီးနှိမ်နင်းမှုများကြောင့် သံဃာတချို့ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ တိမ်းရှောင်လာကြောင်း သိရသည်။
ရန်ကုန်မြို့ မရန်းကုန်းမြို့နယ်ရှိ မဟာဝိစိတ္တာရုံကျောင်းတိုက်မှ မဲဆောက်မြို့သို့ ထွက်ပြေးလွတ်မြောက်လာသည့် သံဃာ ၃ ပါးမှာ ဦနန္ဒာသီရီ၊ ဦးသာသနာ့နှင့် ဦးကောသံလ တို့ဖြစ်ကြသည်။
သက်တော် ၃၉ နှစ်ရှိပြီး ၀ါတော် ၁၃ နှစ်ရှိပြီဖြစ်သော ဦးနန္ဒာသီရိက မြန်မာနိုင်ငံတွင် ဆက်လက်သီတင်းသုံးရန်အတွက် လုံခြုံစိတ်ချရသည့် အခြေအနေမရှိတော့သောကြောင့် ထွက်ခွာလာရခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
အရှင်နန္ဒာသီရိသည် ရန်ကုန်သံဃာထု မေတ္တာပို့ဆုတောင်းပွဲများတွင်ပါဝင်ခဲ့ပြီး ဆန္ဒပြနေစဉ် စစ်သားနှင့် လုံထိန်းရဲများက မျက်ရည်ယိုဗုံးများသုံးကာ အကြမ်းဖက်ဖြိုခွဲခြင်းကို ခံခဲ့ရသည်။
“ဆူးလေပန်းဆိုးတန်းပေါ့ အဲဒီမှာ မျက်ရည်ယိုဗုံးခွဲတယ်၊ ၀င်ရိုက်တယ်။ အဲဒါကြုံရတယ် ... ဂျပန်သတင်းထောက် သေတဲ့နေ့ကပေါ့။ ဦးပဉ္ဇင်းတို့တော့ နှိပ်စက်၊ ရိုက်နှက်ခံရတာမရှိဘူး” ဟု အရှင်နန္ဒာသီရိက ပြောသည်။
လွန်ခဲ့သည့်လ ၅ ရက်နေ့က ပခုက္ကူမြို့တွင် သံဃာတော်များ မေတ္တာပို့ရွတ်ဆိုကာ စီတန်းလမ်းလျှောက်ခြင်းကို အာဏာပိုင် တို့က အကြမ်းဖက်နှိမ်နင်းခဲ့သောကြောင့် တနိုင်ငံလုံးရှိသံဃာများက စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့ကြသည်။
စက်တင်ဘာ ၂၁ ရက်နောက်ပိုင်းတွင် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ကျောင်းသားပြည်သူများ ပူးပေါင်း
ပါဝင်ခဲ့ကြသည်။ စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ ဆန္ဒပြပွဲများကို စစ်အစိုးရကအကြမ်းဖက်ဖြိုခွဲခဲ့ပြီး ရန်ကုန်ရှိ ဘုန်းတော်ကြီး ကျောင်းများကိုလည်း ယနေ့အထိ ၀င်ရောက်ဆီးနင်းကာ သံဃာများအား စုံစမ်း မေးမြန်းခြင်းမရှိဘဲ ရိုက်နှက်ဖမ်းဆီး ခဲ့သည်။
ရန်ကုန်မြို့ခံတဦးက “တချို့ဘုန်းကြီးကျောင်းတွေကို အခုထိဝိုင်းတာတွေရှိနေတုန်းပဲ။ တချို့ဘုန်ကြီးတွေလဲ လူလိုဝတ်ပြီး ရှောင်တိမ်းနေရတာပေါ့။ သိက္ခာတော့မချပါဘူး။ အခြေအနေအတော်ဆိုးတယ်၊ သနားစရာလည်း ကောင်းတယ်ဗျာ” ဟု ပြောသည်။
လွန်ခဲ့သည့်အပတ်အတွင်း စစ်အစိုးရက ရန်ကုန်မြို့ရှိ သံဃာအပါး ၁၂၀၀ ခန့်ကို ချီတက်ဆန္ဒပြပွဲများနှင့် ဘုန်းကြီးကျောင်း များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။ [Top] |