ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြ
အေးလဲ့ | အောက်တိုဘာ ၄၊ ၂၀၀၇
မြန်မာ့ဒီမိုကရေစီ အရေးလန်းနားလှုပ်ရှားမှုများအဖွဲ့နှင့် မြန်မာ့ အရေးထောက်ခံအားပေးသည့် အန်ဂျီအိုအဖွဲ့များ ပူးပေါင်း၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ တရုတ် ကောင်စစ်ဝန်ရုံး ရှေ့တွင် ဆန္ဒပြတောင်းဆိုမှုများ ယနေ့ ပြုလုပ်သည်။
 |
| ဓာတ်ပုံ - The Irrawaddy |
“မြန်မာပြည်မှာ လက်ရှိလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့လက်နက်အထောက်အပံ့ပေးနေတာတွေကို ရပ်တန့်ပေးဖို့၊ မရပ်ဘူးဆိုရင် အခုကျင်းပမယ့် အိုလံပစ် ပွဲတော်ကို သပိတ်မှောက်မယ်”ဟု မြန်မာ့ ဒီမိုကရေစီအရေး လန်းနားလှုပ်ရှားမှု အဖွဲ့မှပြောရေးဆိုခွင့် ရှိသူ ပရောင် ဆွမ်ဝေါန် (pranom Somwong) က ဧရာဝတီ ကိုပြောသည်။
ဆန္ဒပြရာတွင်ပါဝင်သူ ရှမ်းအမျိုးသမီး နန်းချမ်တောင်းကလည်း “တရုတ်အစိုးက အင်းအားကြီးနိုင်ငံဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှာလူ့အခွင့်အရေးရရှိရရှိဖို့ နိုင်ငံရေးပြုပြင်ပြောင်းလဲပေးဖို့နဲ့သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေး ပွဲ ပြုလုပ်ပေးဖို့ မြန်မာစစ်အစိုးရကို ပိုမိုဖိအားပေးနိုင်မယ်လို့ကျမယုံကြည်ပါတယ်”ဟု ပြောသည်။
တရုတ်လူမျိုးများမြန်မာနိုင်ငံတွင် စီးပွားရေးမှာ လွမ်းမိုးပုံကို မန္တလေးတွင်နေထိုင်သူ စီပွားရေး သမားတဦး ကလည်း ယခုကဲ့သို့ ပြောသည်။
“မန္တလေးမှာဆိုရင် ရှိရှိသမျှ အမြင့်ဆုံး တိုက် တွေ ရွှေဆိုင်တွေ ကုန်တိုက်တွေအား လုံးက တရုတ်တွေပဲ ပိုင်တယ် သူတို့ လူတွေက အနည်းစုပေမယ့် အင်အားကြီးတယ်၊ မန္တလေးကလူဆိုလို့ အနည်းစု ပဲကျန်တော့ တယ်”ဟုပြောသည်။
အဆိုပါ စီးပွားရေးမားက“သံဃာတော်တွေဆန္ဒပြတုန်းကလည်း သံဃာတော်တွေကို မထောက်ပံ့တဲ့ အပြင် သူတို့အိမ်ရှေ့ ရောက်ရင်တောင် တခါးတွေပိတ်ထားတယ်”ဟုလည်း ပြောသည်။
“အချို့တရုတ်တွေ တရုတ်ပြည် ကနေ အခုမှရောက် သူတွေဆိုရင် ဗမာစကားတောင် မတတ်ဘူး၊ မြန်မာမှတ်ပုံတင်လည်း မရှိဘူး၊ ဈေးချိုထဲ မှာ ရင်းနှီးမှုတွေလုပ်နေတယ်၊ ကျမပြောနိုင်ပါတယ် အထက်မြန်မာပြည် စီးပွားရေးမှာတော့ တရုတ်က သေနတ် တချက်မဖောက်ဘဲဝါးမြို လိုက်ပါပြီး” ဟု လည်း၎င်း က ဆက်လက်ပြောဆိုသည်။
ပြည်သူများကို အကြမ်းဖက်နိုင်နှင်းနေသည့် မြန်မာစစ်အစိုးရကို တရုတ်အစိုးရက လက်နက် အကူအညီပေးခဲ့ပြီး ယခု နှစ်စပိုင်း ဇန်န၀ါရီလ တွင် အမေရိကန်အစိုးရက ဦးစီးပြီး မြန်မာနိုင်ငံအစိုးရအား လူမျိုးစုများ အတိုက်အခံများကို မတရားဖိနှိပ်မှုများ ရပ်ဆိုင်းရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေး ယူရန် အဆိုသွင်းခဲ့သည်ကို တရုတ်အစိုးရနှင့် ရုရှ အစိုးရတို့က က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။
ကမ္ဘာ့အိုလံပစ်အားကစားပွဲတော် ကို တည်ကြည်မှု၊ သမာဓိ၊ ဂုဏ်သိက္ခာ ရှိသော နိုင်ငံများတွင်သာ ကျင်းပရသည်ဟု စည်းကမ်းချမှတ်ထားသည့် အတွက်၊ အိုလံပစ်အားကစားပွဲတော်ကို ကျင်းပခွင့်ရသည့် နိုင်ငံက ဂုဏ်ယူကြသည် ဟုလည်း သိရှိသည်။ [Top] |