#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ စစ်တပ်က ဆက်လုပ်နေ
ကိုစိုး | အောက်တိုဘာ ၄၊ ၂၀၀၇

ရန်ကုန်မြို့ရှိ ဒီမိုကရေစီရေးလှုပ်ရှားသူ ဆန္ဒပြသမားများ၏ နေအိမ်များကို ညအချိန်တွင် စစ်အစိုးရ စစ်တပ်က ၀င်ရောက် စီးနင်း ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

လူနေရပ်ကွက်များအတွင်း ညအချိန် စစ်တပ်က စစ်ကားများဖြင့်လှည့်လည်ရင်း “ဓာတ်ပုံတွေ ရထားတယ်၊ အဲဒီ ဓာတ်ပုံ တွေမှာ ပါတဲ့သူတွေကို ဖမ်းမယ်”ဟု လော်စပီကာဖြင့်အော်ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

တချိန်တည်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ကျင်းပလျှက်ရှိသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးက မြန်မာစစ်အစိုးရကို ပြစ်တင်ရှုံ့ချလိုက်ပြီး “မြန်မာပြည်တွင်း၌ ဆက်လက်ပြီး အကြမ်းဖက်နှိပ်ကွပ်နေမှုများကို လေးနှစ်တာ အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်စုံစမ်းစစ်ဆေးနိုင်ရန် မြန်မာအစိုးရကို တောင်းဆိုမည်”ဟု ပြောဆိုသည်။

“မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ကျနော်တို့ မီးမောင်းထိုးပြရမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးက လူ့အခွင့်အရေးကောင်စီသို့ ပြောဆိုလိုက်ပြီး အီးယူ ဥရောပ သမဂ္ဂအနေနှင့်လည်း မြန်မာစစ်အစိုးရ၏ ဖမ်းဆီးသတ်ဖြတ် နှိပ်ကွပ်နေမှုများအပေါ် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ် ချက်ကို လက်ခံရန် ပြောသည်။

မစ္စတာ ပီညဲရိုးကဆက်လက်ပြီး “ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အခုလို ဖမ်းဆီးမှုတွေ လုပ်နေတဲ့အပေါ် ကျနော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်”ဟုလည်း ပြောဆိုသည်။

မြန်မာပြည်တွင်း၌ လူပေါင်းများစွာ ဖမ်းဆီးနှိပ်စက်ခံနေရမှု၊ ပျောက်ဆုံးနေမှုများနှင့် ဒဏ်ရာရ သေဆုံးမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေကြောင်း သတင်းများအရ သိရှိနေရသည်ဟုလည်း ဆိုသည်။

စစ်အစိုးရက ရန်ကုန်မြို့ဆန္ဒပြချီတက်မှုတွင် လူ ၁၀ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်သော်လည်း မြန်မာ့အရေးဦးဆောင်အဖွဲ့ ၂ ဖွဲ့ကမူ နိုင်ငံတ၀န်းသေဆုံးသူပေါင်း အနည်းဆုံး လူ ၁၃၀ ခန့်ရှိကြောင်းနှင့် ဖမ်းဆီးခံထားရ သူပေါင်း ၃၀၀၀ ထက်ပိုလွန်နိုင်သည်ဟု ပြောသည်။

“ဆေးရုံ၊ မျက်မြင်သက်သေတွေနဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တချို့က ပြောပြတာနဲ့ ကျမကိုယ်တိုင် သိရသလောက် စက်တင်ဘာ ၃၀ ရက်အထိ သေတဲ့လူ ၁၃၀ လောက်ရှိပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသူ တဦးဖြစ်သူ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ရှောင်တိမ်းနေရသည့် မနီလာသိန်းက ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

အတိုက်အခံအဖွဲ့၏ ပြောဆိုချက်အရ အမျိုးသမီးနှင့် သီလရင် ၁၃၅ ဦး၊ အသက် ၅ နှစ်မှ ၁၀ နှစ်အရွယ် ကိုရင်အပါး ၅၀ နှင့် သက်ကြီးသံဃာ ၈၀ ခန့် အပါအ၀င် အနည်းဆုံး လူ ၂၀၀၀ ခန့်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရှိ စက်မှုလက်မှု သိပ္ပံ ကျောင်းဟောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သိရသည်။

ဖမ်းဆီးထားသူများကို ရန်ကုန်မြို့ပြင် မှော်ဘီမြို့နယ်ရှိ ရဲတပ်ရင်း ၂ ခုတွင် ထိန်းသိမ်းထားသောကြောင့် စိုးရိမ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“အခု ရရှိတဲ့ သတင်းတွေအရဆိုရင် ကျနော်တို့ အလွန်စိုးရိမ်မိပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဖမ်းထား သူတချို့ကို ရန်ကုန်မြို့ပြင်ရှိ ရဲဘက်စခန်းတခုမှာ ထားတယ်လို့သိရတယ်”ဟုလည်း ဦးတိတ်နိုင်က ပြောသည်။

ထို့အပြင် ဆန္ဒပြနေချိန်အတွင်း ဖမ်းဆီးခံရစဉ် ဒဏ်ရာရသူများသည် လုံလောက်သည့် ဆေးဝါးကုသမှုရရှိမည် မဟုတ် ကြောင်း၊ ဖမ်းဆီးခံထားရသူများသည် အစာရေစာနှင့် အသုံးအဆောင်လည်း လုံလောက်စွာရရှိမည် မဟုတ်သောကြောင့် ရောဂါများရရှိ၍ ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ထို့သို့သော အခြေအနေများကြောင့် ဖမ်းဆီးခံထားရသူများအတွက် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးထားသူများကို အဓိကအားဖြင့် ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အပါအ၀င် အင်းစိန်မြို့နယ်ရှိ စက်မှုလက်မှု သိပ္ပံကျောင်း ဟောင်း၊ ကျိက္ကဆံ စစ်ကြောရေးစခန်းနှင့် မှော်ဘီမြို့နယ်ရှိ ရဲတပ်ရင်း ၂ ခုတို့တွင် ထားရှိသည်ဟု သိရသည်။

စစ်အစိုးရက လွန်ခဲ့သည့် အပတ်အတွင်း၌ ဖမ်းဆီးထားသည့် သံဃာတော် အပါး ၈၀ နှင့် သီလရင်များဟု ယူဆရသည့် အမျိုးသမီး ၁၄၉ ဦးကို ဗုဒ္ဓဟူးနေ့က ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးထားသူများကို ဆန္ဒပြပွဲအနီးသို့ သွားရောက်သူ၊ ဆန္ဒပြပွဲကို ကြည့်ရှုသူ၊ ဆန္ဒပြပွဲကို လက်ခုပ် သြဘာတီး၍ အားပေး သူနှင့် ဆန္ဒပြပွဲတွင်ပါဝင်သူဟူ၍ ၄ မျိုးခွဲပြီး နေရာသီးသန့်ထားစစ်ဆေးကြောင်း ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီး တဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးထားစဉ် အာဏာပိုင်များက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံ၍ စစ်ဆေးသည်ဟု အင်းစိန်မြို့နယ်ရှိ စက်မှုလက်မှုသိပ္ပံ ကျောင်းဟောင်းတွင် ဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်လာသည့် သံဃာတော်တပါးက သတင်းဌာနများသို့ ပြောပြသည်။

တချိန်တည်းတွင်ပင် ဘုန်းကြီးကျောင်းများအား ၀င်ရောက်စီးနင်းသည့် စစ်သားများကို ဘုန်းကြီးကျောင်းများအနီးတွင် နေထိုင်သူများက တန်ပြန်ဝိုင်းဝန်း၍ ဘုန်းကြီးကျောင်းများကို ကာကွယ်ပေးမှုများလည်း ရှိနေသည်။

“ကျောင်းပတ်ဝန်းကျင်ကို အဲဒီစစ်သားတွေလာရင် တုံးမောင်းခေါက် အသိပေးဖို့ ဘုန်းကြေီးတွေကို ကျနော်တို့ ပြောထား တယ်၊ ကျနော်တို့ပါ စစ်သားတွေကို ရင်ဆိုင်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန် မြို့ခံတဦးက ပြောသည်။

ယခုအခါ ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာဝင်များ ၀တ်ပြုဆုတောင်းရာ ဘာသာရေး အထွတ်အမြတ်နေရာဝန်းကျင်များ၌ ၂ ဒါဇင် ခန့်ရှိသော စစ်သားများက လှည့်လည်စောင့်ကြပ်နေသည်။

စစ်အစိုးရက ရန်ကုန်နှင့် မန္တလေး မြို့ကြီး ၂ မြို့တွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.