ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဒီမိုကရေစီရေးလှုပ်ရှားသူများ ဆန္ဒပြ
အေးလဲ့ | အောက်တိုဘာ ၂၊ ၂၀၀၇
အိန္ဒိယနိုင်ငံ၏ အကြမ်းမဖက်ရေးလှုပ်ရှားမှု ခေါင်းဆောင် မဟတ္တမဂန္ဒီ၏ ယနေ့ကျရောက်သော မွေးနေ့တွင် မြန်မာ့ ဒီမိုကရေစီအရေး လန်းနားလှုပ်ရှားမှုအဖွဲ့နှင့် မြန်မာ့အရေးထောက်ခံအားပေးသည့် အန်ဂျီအိုအဖွဲ့များ ပူးပေါင်း၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အိန္ဒိယကောင်စလိတ်ရုံးရှေ့၌ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ကြောင်း သိရသည်။
 |
| ဓာတ်ပုံ - The Irrawaddy |
ယနေ့နေ့လယ်ပိုင်းတွင် လူအင်အား ၁၀၀ ခန့်ရှိ အဆိုပါ ဆန္ဒပြသမားများက အိန္ဒိယအစိုးရအနေနှင့် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်း ရုပ်သိမ်းပေးရန် တောင်းဆိုကြသည်။
“လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ အိန္ဒိယ ရေနံကုမ္ပဏီတွေကို အခုချက်ချင်း ရုပ်သိမ်းပေးရန်၊ နောက် လေး၊ ငါးနှစ်လောက်ကို မစောင့်နိုင်ဘူး၊ အခုချက်ချင်း ရုပ်သိမ်းပေးရန်ဖြစ်တယ်” ဟု မြန်မာ့ ဒီမိုကရေစီအရေး လန်းနားလှုပ်ရှားမှု အဖွဲ့မှပြောရေးဆိုခွင့် ရှိသူတစ်ဦး ပရောင် ဆွမ်ဝေါန် (pranom Somwong) က ဧရာဝတီ ကိုပြောသည်။
သူမက ၎င်းတောင်းဆိုချက်နှင့် ပတ်သက်ပြီး အိန္ဒိယအစိုးရဘက်မှ လေးလေးနက်နက် ထည့်သွင်းစဉ်းစားပေးမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။
“အကြမ်းမဖက်ရေး လှုပ်ရှားမှုကို စတင်ခဲ့တဲ့ မဟတ္တမဂန္ဒီ မွေးနေ့ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီ အုတ်မြစ်ချတဲ့နေ့မှာ ကျနော်တို့အနေနဲ့ အိန္ဒိယအစိုးရကို မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးနဲ့ လွတ်လပ်ရေး ရရှိရေးတို့ကို ထောက်ပံ့ပေးသွားရန် လေးနက်စွာ တောင်းခံအပ်ပါတယ် ”ဟု ယနေ့ဆန္ဒပြရာတွင် ပြောရေးဆိုခွင့်ရှိသူ ကိုဝမ်အောင်က ပြောသည်။
လက်ရှိအိန္ဒိယအစိုးရအနေဖြင့် နိုင်ငံတကာမှ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ပြစ်တင်ရှုံချခံနေရသော မြန်မာစစ်အစိုးရ အပေါ်တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းသည် ၀မ်းနည်းဖွယ်လုပ်ရပ်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
ငြိမ်းချမ်းစွာဆန္ဒပြနေသည့် မြန်မာပြည်သူများနှင့် သံဃာတော်များကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းနေချိန်တွင် အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရတို့အကြား စက်တင်ဘာ ၂၆ ရက် နေ့တွင် ရခိုင်ကမ်းလွန်ပင်လယ်မှ သဘာဝဓာတ်ငွေ့တူးဖော်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ [Top] |