#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မစ္စတာဂန်ဘာရီ ဒေါ်စုနှင့် ထပ်မံတွေ့ခွင့်ရ
ဧရာဝတီ | အောက်တိုဘာ ၂၊ ၂၀၀၇

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ယနေ့နေပြည်တော်တွင် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နှင့် ထပ်မံ တွေ့ဆုံကြောင်း သိရသည်။

ဓာတ်ပုံ - UNIC Yangon

မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ယာယီဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန် တို့နှင့် တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်ဟု သံတမန် တဦးကပြောသည်။ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ ယခုအချိန် အထိ မသိရှိရသေးပေ။

မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ စနေနေ့က ရောက်ရှိခဲ့ပြီး တနင်္ဂနွေနေ့တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် မိနစ် ၉၀ ကြာတွေ့ဆုံကြောင်း၊ စစ်အစိုးရ အတွင်းရေးမှူး (၁)နှင့် ယာယီဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ၀န်ကြီး ၃ ဦး တို့ကိုလည်း တွေ့ဆုံကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဓိကဆွေးနွေးနိုင်ကြောင်း ခန့်မှန်းမှုများလည်း ရှိနေသည်။

ယခုကဲ့သို့ မစ္စတာဂန်ဘာရီ ရောက်ရှိနေစဉ်အချိန်အတွင်းမှာပင် စစ်အစိုးရက အရပ်သားပြည်သူများကို ဖိအားပေး စုဆောင်း၍ အမျိုးသားညီလာခံထောက်ခံပွဲနှင့် လတ်တလော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ရှုံ့ချသည့် လူထု
စည်းဝေးပွဲများ နိုင်ငံတ၀န်းကျင်းပလျှက်ရှိသည်။

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ခရီးစဉ်နှင့် ခြားနားသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။

“အရင်တခေါက်က စစ်ဗိုလ်ချုပ်တွေနဲ့ အရင်တွေ့ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်၊ပြီးတော့ နယူးယောက် ကိုပြန်တယ်၊ အခုက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီးမှ နေပြည်တော်ကိုသွားတာ”ဟု ၎င်းက ပြောသည်။

ထို့အပြင် မစ္စာတာဂန်ဘာရီအပါအ၀င် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့သည် မြန်မာ စစ်အစိုးရကို ထိရောက်သည့် အရေးယူဆောင်ရွက်မှုမျိုးလုပ်နိုင်မည်မဟုတ်ဟုလည်း ဦးဥာဏ်ဝင်း က ပြောသည်။

သံဃာ့တပ်ပေါင်းစုအဖွဲ့ ခေါင်းဆောင်သံဃာတော်တပါးကမူ မစ္စတာဂန်ဘာရီအနေနှင့် စစ်အစိုးရ၏ လိမ်လည်လှည့်ဖြား နေမှုများကို သိရှိရန်မျှော်လင့်ကြောင်း ပြောဆိုသည်။

“စစ်အစိုးရက လိမ်လည်လှည့်ပတ်နေတာတွေကို မစ္စတာဂန်ဘာရီ သိလည်း လုံခြုံရေး ကောင်စီကရော မြန်မာပြည်သူတွေ အတွက် ဘာလုပ်ပေးနိုင်မှာလဲ”ဟု အဆိုပါသံဃာတော်က ဆက်ပြောသည်။

စစ်အစိုးရ စစ်တပ်များက ဘုန်းကြီးကျောင်းများကို အကြမ်းဖက်ဝင်ရောက် စီးနင်း၍ ဖမ်းဆီးမှုများကြောင့် ညစဉ်ပင် သတိနှင့် စောင့်ကြည့်နေရသည်ဟုလည်း ၎င်းကပြောသည်။

စစ်တပ်က ဘုန်းကြီးကျောင်းများအား ၀င်ရောက်စီးနင်း ဖမ်းဆီးမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က“မစ္စတာဂန်ဘာရီရဲ့အခု ခရီးစဉ်ဟာ မျှော်လင့် စရာမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူရှိနေတဲ့ အချိန်မှာကိုပဲ စစ်အစိုးရက ဆန္ဒပြသူတွေနဲ့ အရပ်သား ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးနေဆဲဖြစ်ပါတယ်”ဟု ပြောသည်။

စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် မျှော်လင့်ချက်ကုန်ဆုံးလုဖြစ်နေသော မြန်မာပြည်သူများအနေနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ကြားဝင်၍ ကာကွယ်ကူညီပေးရန် မျှော်လင့်နေသည်ဟု လည်း ကိုထွန်းမြင့်အောင်ကပြောသည်။

မစ္စတာဂန်ဘာရီ စတင်ရောက်ရှိသည့် စက်တင်ဘာ ၂၉ ရက်နေ့မှာပင် ရန်ကုန်မြို့လယ် အနော်ရထာလမ်းရှိ တိုက်ခန်း တွဲတွင် နေထိုင်သူ ကလေးသူငယ်များအပါအ၀င် အားလုံးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်ဟု မျက်မြင်သက်သေ အမျိုးသမီးတဦးက ပြောသည်။

ယမန်နေ့ကလည်း ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ ဆန္ဒပြသူ ၃ ဦး၊ ရန်ကုန်တက္ကသိုလ် အနီးတွင်လည်း ဆန္ဒပြပြီး၍ ပြန်လာသူများဟု ယူဆသောကြောင့် အနည်းဆုံး လူ ၅ ဦးနှင့် ကြည့်မြင်တိုင်မြို့နယ်မှ ဆန္ဒပြသမားများနှင့် အဆက်အသွယ် ရှိသောကြောင့် ဦးအောင်သိန်းဆိုသူတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မစ္စတာ ဂန်ဘာရှိနေစဉ်အတွင်း စစ်အစိုးရက လူ ၄၀၀ ခန့်ဖမ်းဆီးခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) ကလည်း ထုတ်ပြန်ပြောဆိုသည်။

ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ မြန်မာပညာရှင်တဦးက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် နိုင်ငံတကာက စစ်အစိုးရကို ပြင်းထန်စွာဖိအားပေးရမည့် အချိန်ဖြစ်သည်ဟု ပြောသည်။

“အခုထက်ထိတော့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးကို မတွေ့ရသေးပါ ဘူး”ဟုလည်း ၎င်းကပြောသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.