ချီတက်ဆန္ဒပြပွဲ ရပ်ကြည့်သူများ ပြန်လွတ်
ကိုသက် | အောက်တိုဘာ ၂၊ ၂၀၀၇
စစ်အစိုးရက ပြန်လွှတ်ပေးလိုက်သူများသည် ချီတက်ဆန္ဒပြပွဲအား ရပ်ကြည့်နေစဉ် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင် ရဲများက နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖမ်းဆီးခြင်းခံရသူများဖြစ်ကြောင်း မှော်ဘီမြို့နယ်ရှိ ရဲတပ်ရင်း ၅ တွင် အထိန်းသိမ်း ခံခဲ့ရသူတဦးက ဧရာဝတီကို ပြောသည်။
အဆိုပါအထိန်းသိမ်းခံရသူသည် စက်တင်ဘာလ ၂၆ ရက်နေ့က ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားအရှေ့ဘက် ရေတာရှည် လမ်းဟောင်း၌အဖမ်းခံရသူဖြစ်ပြီး ယမန်နေ့ညနေ ၅ နာရီတွင် လှိုင်မြို့နယ် မယက ရုံးမှတဆင့် ပြန်လည်လွတ်မြောက် လာသူဖြစ်သည်။ စစ်အစိုးရက အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသား ၅၀ ခန့်ကို ယမန်နေ့က ပြန်လွှတ်ပေးခဲ့သည်။
“ကျိုက္ကဆံကွင်းကို ဒိုင်နာကားတွေနဲ့ ဖမ်းသွားတာ။ ကျနော်တို့ကားပေါ်မှာ ၂၅ ယောက်လောက်ပါတယ်၊ တချို့ ဒဏ်ရာရထားတယ်။ ကျိုက္ကဆံရောက်ပြီးတော့ ဘုန်းကြီးတွေထပ်ဖမ်းလာတာတွေ့တယ် ဒါပေမယ့် အတူတူ မထားဘူး။ ရောက်တာနဲ့ သင်္ကန်းတွေဆွဲချွတ်ပြီး လူဝတ်လဲပစ်တယ်။ ညနေ ၄ နာရီလောက်မှာ ရဲတပ်ရင်းကို ပို့တယ်” ဟု လွတ်မြောက်လာသူက ပြောသည်။
ထိခိုက်ဒဏ်ရာရထားသူများကို ရဲဆေးတပ်သားများက ဆေးကုပေးသော်လည်း မကျွမ်းကျင်မှုနှင့် စေတနာမပါမှု တို့ကြောင့် ထိရောက်မှုမရှိကြောင်း ၎င်းကပြောသည်။
“ကျနော်တို့ကို အက်စ်ဘီ (အထူးရဲတပ်ဖွဲ့ဝင်) တွေက တယောက်ချင်းစီစစ်တယ်။ နေရပ်လိပ်စာ၊ မိဘနာမည် အကုန်မေးပြီး ဆန္ဒပြတဲ့နေရာ ဘာလို့သွားတာလဲ၊ ဘာသွားလုပ်တာလဲနဲ့ မေးတယ်။ နာရီဝက်လောက် အစစ်ခံရတယ်။ သူတို့သံသယ ရှိတဲ့သူဆို တနာရီကျော်လောက်မေးတယ်” ဟုလည်း ၎င်းကပြောသည်။
ထိန်းသိမ်းခံရသူများအား ကျွေမွေးစောင့်ရှောက်မှုညံ့ဖျင်းပြီး မသန့်ရှင်းသည့်ရေကိုသာ သောက်သုံးရကြောင်း၊ ၆ ရက်သာ အထိန်းသိမ်းခံရသော်လည်း ၎င်းတို့လွတ်မြောက်လာချိန်၌ အများစုမှာ ၀ဲစွဲနေကြောင်း သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းများအရ လွန်ခဲ့သည့် တပတ် အတွင်း စစ်အစိုးရက ရဟန်း၊ ကျောင်းသား၊ ပြည်သူ ၂ ထောင်ခန့်ကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိန်းသိမ်းထားသူ ၇၀ ခန့် ယနေ့ထပ်လွတ်ကြောင်းလည်း စုံစမ်းသိရှိရသည်။ [Top] |