#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အင်းစိန်ထောင်နှင့် ဘုန်းကြီးကျောင်းများ ပီညဲရိုး သွားရောက်စုံစမ်း
ကိုစိုး | နိုဝင်ဘာ ၁၂၊ ၂၀၀၇

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးသည် ယနေ့တွင် ပြီးခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကာလအတွင်း စစ်အစိုးရ စစ်တပ်က ၀င်ရောက် အကြမ်းဖက် စီနင်းခဲ့သော ဘုန်းကြီးကျောင်းတိုက်တချို့နှင့် အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ကြောင်း သိရသည်။

ဓာတ်ပုံ - AFP

စက်တင်ဘာလအတွင်း၌ ငွေကြာရံ ကျောင်းတိုက်သို့ လက်မရွံ့စစ်သားများက ၀င်ရောက်စီးနင်းပြီး သံဃာ အပါး ၇၀ ခန့်ကို အကြမ်းဖက်ရိုက်နက်ဖမ်းဆီးခေါ်ဆောင်ကာ ကျောင်းတိုက်တွင်းရှိ ရွှေထည်ပစ္စည်းများကိုလည်း ခိုးယူသွားသည်ဟု ငွေကြာရံ ဆရာတော် ဦးရေ၀တက မစ္စတာ ပီညဲရိုးအား ယနေ့ ပြောကြားကြောင်း သံတမန်တဦးကို ကိုးကား၍ အေပီ သတင်းကဖော်ပြသည်။

မစ္စတာပီညဲရိုးသည် ပြည်ထဲရေးဝန်ကြီး၊ သာသနာရေး ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ အကျဉ်းထောင်များသို့ သွားရောက်ခွင့်ရယူပြီး အင်းစိန်ထောင်သို့လည်း အချိန် ၂ နာရီခန့်ကြာသွားရောက်ခဲ့ကြောင်း၊ သို့သော်အသေးစိတ်ကိုမူ မသိရှိရကြောင်း သတင်းတွင် ရေးသားထားသည်။

မစ္စတာ ပီညဲရိုးလာရောက်မည်ဆို၍ နအဖစစ်အစိုးရက သတိနှင့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်ကိုသိရှိထားသော ကြောင့် ၎င်း၏ခရီးနှင့်ပတ်သက်ပြီး များစွာမျှော်လင့်မထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အထွေထွေအတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“မစ္စတာ ပီညဲရိုးဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံအများကြီးရှိပါတယ်၊ စစ်အစိုးရ လိမ်နေတာတွေကိုလည်း သူသိပါတယ်”ဟု ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း အင်းစိန် အကျဉ်းထောင်၌ ဖမ်းဆီးထားသူများအား တခြား နေရာသို့ ပြောင်းရွှေ့ထားသည့် သတင်းများကိုကြားရသည်ဟုလည်း ၎င်းက ဆိုသည်။

မစ္စတာပီညဲရိုး အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော စစ်တပ်မှ စီးနင်းခံရသည့်ဘုန်းကြီး ကျောင်းများ၊ အကျဉ်း ထောင်နှင့် ထိန်းသိမ်းရေး စခန်းများသို့ လွတ်လပ်စွာ သွားရောက်၍ ဖမ်းဆီးခံထားရသူများ နှင့် တွေ့ဆုံ သတင်းယူခွင့် အပါအ၀င် တိုက်တွန်းတောင်းဆိုထားသည့် အချက် ၄ ချက်ကို အေအေပီပီ က အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန် ထားသည်။

အထက်ပါ တောင်းဆိုချက်များမရရှိပါက မစ္စတာ ပီညဲရိုး၏ ခရီးစဉ်သည် နအဖ စစ်အစိုးရ၏ နိုင်ငံတကာ ဖိအားများ ဆက်မတိုးနိုင်စေရန်နှင့် လျော့ကျသွားစေရန် ကြိုးပမ်းမှုကို အထောက်အကူပြုသည့် ခရီးစဉ် ဖြစ်သွားမည်ဟုလည်း အေအေပီပီ ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း လွန်ခဲ့သော ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းမှုနှင့်ပတ်သက်ပြီး မစ္စတာ ပီညဲရိုးအနေနှင့် စုံစမ်းဖော်ထုတ်နိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။

“မစ္စတာ ပီညဲရိုးအနေနဲ့ အစိုးရပို့တဲ့နေရာတွေသာမကဘဲ တခြား မစ္စတာ ဂန်ဘာရီလာရှိနေတုန်း အကြမ်းဖက် စီနင်းခံရတဲ့ လှိုင်သာယာမြို့နယ်တို့လို နေရာမျိုးတွေကိုလည်းသွားရောက်သင့်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ကိုစိုးထွန်း ကလည်း ပြောဆိုသည်။

မစ္စတာပီညဲရိုးသည် ၎င်း၏ ၅ ရက် ခရီးစဉ်အဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး ပဲခူးမြို့ကြခတ်ဝိုင်း ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ကာ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့နှင့်လည်းသွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

“အကျိုးရှိမယ့် ခရီးလို့ ကျနော် မျှော်လင့်ပါတယ်၊ ၄ နှစ်ကြာပြီးနောက် အခု ဒီလို ပြန်လာခွင့်ရတာကိုလည်း ကျနော်
သိပ်ဝမ်းသာမိပါတယ်”ဟု ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် မစ္စတာ ပီညဲရိုးက သတင်းထောက်များကို ပြောကြောင်း အေပီ က ဖော်ပြသည်။

မြန်မာနိုင်ငံသို့ မလာရောက်မီ မစ္စတာ ပီညဲရိုးက “မြန်မာအစိုးရက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ကျနော် လေယဉ်ပေါ်တက်ပြီး လှည့်ပြန်ဖို့ပဲရှိပါတယ်”ဟု လည်း ပြောခဲ့သေးသည်။

မစ္စတာ ပီညဲရိုးအား နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သော အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ လာရောက်ပါရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ စာရေးသား ပေးပို့၍အကြံပြုခဲ့ပြီးနောက် ယခုကဲ့သို့ နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ ခရီးစဉ်ကိုသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်က မစ္စတာ ပီညဲရိုး မြန်မာနိုင်ငံသို့ သွားရောက်ရာတွင် အကျဉ်းထောင်တွင်း၌ အကျဉ်းသားတဦးနှင့် အင်တာဗျူး နေစဉ် အာဏာပိုင်များက အသံဖမ်းစက်နှင့် ခိုးဖမ်းခြင်းခံခဲ့ရသည်။ ထိုအချိန်မှ စတင်၍ စစ်အစိုးရက မစ္စတာ ပီညဲရိုးကို မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခဲ့သည်မှာ ၄ နှစ်ရှိခဲ့ပြီဖြစ်သည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.