ဒေါ်စုနှင့် အဖွဲ့ချုပ်ခေါင်းဆောင်များ တွေ့ဆုံ
ကိုစိုး | နိုဝင်ဘာ ၉၊ ၂၀၀၇
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် တချို့သည် ယနေ့တွင် တွေ့ဆုံကြောင်း သိရသည်။
နေ့လယ် ၁၂း ၃၀ နာရီမှ ၃ နာရီ ခန့်အထိ အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟို အလုပ် အမှုဆောင်ကော်မတီအဖွဲ့အ၀င် ဦးညွန့်ဝေနှင့် အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းတို့သည် အစိုးရ ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည်ဟု ပြောခွင့်ရပုဂ္ဂိုလ် ဦးဟံသာမြင့်ကပြောသည်။
“သူတို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တောင်းဆိုချက် ၄ ချက်ပါတဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးကြပါတယ်၊ ဥပဒေကြောင်းအရ ဘယ်လိုသက်ရောက်မလဲ၊ နိုင်ငံရေးအရ ဘယ်လို သက်ရောက်မလဲဆိုတာတွေကို ဆွေးနွေးတာပါ”ဟု ဦးဟံသာမြင့်က ဧရာဝတီသို့ ပြောသည်။
လွန်ခဲ့သော ငြိမ်းစွာ ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးခံရသူ၊ ထိခိုက်ဒဏ်ရာရသူများအား အန်အယ်လ်ဒီ အနေနှင့် ကူညီ ထောက်ပံ့မှုပြုလုပ်ရန် စသည့် ပါတီတွင်း ကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်ဟု ၎င်း က ဆိုသည်။
ယခုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဦးဥာဏ်ဝင်းက အကောင်းမြင်အပြုသဘောဆောင်ကြောင်း ပြောကြားသည်ဟု အေပီ သတင်းက ဖော်ပြသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ခေါင်းဆောင် ၄ ဦး မတွေ့ဆုံမီ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် က ဦးစွာရောက်ရှိ တွေ့ဆုံနေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ခေါင်းဆောင်များ လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သည်ဟုလည်း ဦးဟံသာမြင့် က ပြောသည်။ အောက်တိုဘာ ၂၅ ရက်နေ့ ကလည်း ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရ ဧည့်ဂေဟာတွင်ပင် တွေ့ဆုံခဲ့သေးသည်။
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေးအပါအ၀င် အလုံးစုံ ပိတ်ဆို့ရေးတို့ဖြစ်သည့် ယင်းအချက်များကို စွန့်လွှတ်ပါက ၎င်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် တွေ့ဆုံစကားပြောမည်ဖြစ်ကြောင်း အချက် ၄ ချက်ပါ ၁/၂၀၀၇ ကြေညာချက်ကို အောက်တိုဘာ ၄ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
အထက်ပါ ကြေညာချက်ထုတ်ပြန်ပြီး နောက်ရက်တွင် ဦးဥာဏ်ဝင်းက “အခု အစိုးရအဖွဲ့က အချက် ၄ ချက်ကို စွန့်လွှတ် ပါလို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် စွန့်လွှတ်မှလို့လည်း ပြောတယ်၊ ကျနော်ပြောချင်တာက အဲဒီအချက် ၄ ချက်က အန်အယ်လ်ဒီ ရဲ့မူဝါဒလည်း မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့မူဝါဒလည်း မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့လာရောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီခေါင်းဆောင်များယခုကဲ့သို့ တွေ့ဆုံခွင့်ရခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ် မေလ အတွင်းက တွေ့ဆုံပြီးနောက်ပိုင်း ၃ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃ ရက်နေ့က စတင်ရောက်ရှိနေခဲ့ပြီး ယမန်နေ့က ပြန်လည် ထွက်ခွာသွားရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို စကာင်္ပူနိုင်ငံသို့ရောက်ရှိစဉ် ကိုယ်စား ဖတ်ကြား ရှင်းလင်းခဲ့ကြောင်း သိရသည်။ မစ္စတာ ဂန်ဘာရီသည် ၎င်းမပြန်မီ နာရီပိုင်းအလိုတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့်ရရှိခဲ့သည်။
အဆိုပါကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အကျိုးအတွက် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအကောင်အထည်ဖော်ရန်တို့အတွက် ၎င်းအနေနှင့် အဆင်သင့်ရှိကြောင်း၊ ဆက်ဆံရေး
ဝန်ကြီးခန့်အပ် ဆောင်ရွက်သည်ကိုလည်း ကြိုဆိုကြောင်းနှင့် တွေ့ဆုံခြင်းကိုလည်း အပြုသဘော ဆောင်သည်ဟု မြင်ကြောင်းနှင့် ရှေ့တွင်ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်မျှော်လင့်ကြောင်း အစရှိသည် တို့ကို ရေးသားထုတ်ပြန် ထားသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ရှိပြီ ဖြစ်သည်။ [Top] |