#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မလေးရှားတွင် မြန်မာအလုပ်သမ တဦး ကြမ္မာဆိုးကြုံရ
ဧရာဝတီ | နိုဝင်ဘာ ၈၊ ၂၀၀၇

မလေးရှားနိုင်ငံ အထည်ချုပ်စက်ရုံတရုံတွင် လုပ်ကိုင်နေသည့် ယမန်နေ့က ပျောက်ဆုံးနေခဲ့သော မြန်မာနိုင်ငံသား အလုပ်သမ တဦးသည် ခါးရိုးကျိုးသည့် ဒဏ်ရာဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ အသက် ၃၈ နှစ်ရှိ အလုပ်သမ မ၀င်းဝင်းမော်သည် ၎င်းအား ဖမ်းဆီးနှိပ်စက်မှုက လွတ်မြောက်ရန်အတွက် အထပ်မြင့် အဆောက်အဦ တခု၏ ဒုတိယထပ်ပေါ်မှ ခုန်ချသောကြောင့် ယခုကဲ့သို့ ခါးရိုးကျိုးပြီး ဆေးကုသမှု ခံယူရခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အခြေစိုက် အလုပ်သမားအခွင့်အရေး ကာကွယ်မှု ကော်မတီက အတည်ပြု ပြောဆိုသည်။

မ၀င်းဝင်းမော်သည် သူ့ကို ဖမ်းဆီးချုပ်နှောင်ထားရာ အခန်းရှိသည့် အဆောက်အဦပေါ်မှ ခုန်ချထွက်ပြေးစဉ် နောက်ကျော၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ၎င်း၏ညီမ တဦးကလည်း ဧရာဝတီသို့ ပြောသည်။

အထည်ချုပ် စက်ရုံပိုင်ရှင်က အလုပ်ချိန်ပြင်ပတွင် လုပ်အားခမပေးဘဲ ခိုင်းစေခြင်းအား ငြင်းဆန်ပြီး နောက်ပိုင်း အလုပ်ရှင် နှင့်ပတ်သက်သော လူမိုက်များက မ၀င်းဝင်းမော်ကို အဓမ္မခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သူ၏ သူငယ်ချင်း တဦးက ဆိုသည်။

အလုပ်သမားအခွင့်အရေး ကာကွယ်မှုကော်မတီမှ ကိုရဲမင်းထွန်းကလည်း လုပ်အားခမပေးဘဲ အချိန်ပိုခိုင်းစေခြင်းအား
မ၀င်းဝင်းမော်က မလုပ်နိုင်ကြောင်း ငြင်းဆိုသောကြောင့် အလုပ်ရှင်က ခိုင်းသည့်အတိုင်း မလုပ်နိုင်ပါက ၎င်းအား လုပ်ခ လစာမပေးဘဲ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြောဆိုသည်။

မ၀င်းဝင်းမော်သည် မြန်မာနိုင်ငံ နတ်မောက်မြို့မှ ဖြစ်ပြီး မလေးရှားနိုင်ငံ တောင်ပိုင်း ဂျဟိုးခရိုင် စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတွင် မြန်မာနိုင်ငံမှ တခြားအမျိုးသမီး ၇၀ ခန့်နှင့်အတူ ၂၀၀၄ ခုနှစ်က စတင်လာရောက်အလုပ် လုပ်နေသူတဦး ဖြစ်သည်။ ၎င်းတို့အားလုံးကို မလေးရှား အလုပ်သမားအေးဂျင့်တခုမှ ခေါ်ယူငှားရမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြန်မာအလုပ်သမားများအပေါ် မတရားခြိမ်းခြောက် ခိုင်းစေမှုများ မလေးရှားနိုင်ငံတွင် အများအပြားရှိကြောင်း၊ အဆိုပါ နှိပ်စက်ခြိမ်းခြောက် မတရားခိုင်းစေမှုများစွာကိုလည်း ၎င်းတို့ကော်မတီက လိုက်လံကူညီခဲ့ရကြောင်း ကိုရဲမင်းထွန်းက ဆိုသည်။

မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်နေသည့် နိုင်ငံခြားသား ၁.၈ သန်း ခန့်ရှိပြီး အများစုမှာ မြန်မာ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့မှဖြစ်ကြောင်း မလေးရှားအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.