#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အန်အယ်လ်ဒီ ခေါင်းဆောင် ၃ ဦး ဂန်ဘာရီနှင့်တွေ့
ကိုသက် | နိုဝင်ဘာ ၈၊ ၂၀၀၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံရန် ယနေ့နံနက်ပိုင်းက နေပြည်တော်မြို့သစ်သို့ ထွက်ခွာသွားကြောင်း အန်အယ်လ်ဒီပါတီက အတည်ပြု ပြောဆိုသည်။

အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေတို့ ၃ ဦး ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ လေယာဉ်ဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကို ပြောသည်။

မစ္စတာ ဂန်ဘာရီသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ယနေ့တွေ့ဆုံရန် အစီအစဉ် ရှိသည်။

မစ္စတာ ဂန်ဘာရီသည် ယခုလ ၃ ရက်နေ့က မြန်မာ့နိုင်ငံရေးပြဿနာများ ကြားဝင်ဖြေရှင်းပေးရန်အတွက် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်ခရီးစဉ်ကိုစတင်ခဲ့ပြီး ယနေ့ပြန်လည်ထွက်ခွာမည်ဟု ရန်ကုန်အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂရုံးက ဧရာဝတီကို ပြောသည်။

မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ရောက်ရှိစဉ် လွန်ခဲ့သည့် တနင်္ဂနွေနေ့က နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဆက်ဆံရေး ၀န်ကြီး ဗိုလ်ချုပ် အောင်ကြည်တို့ကို နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရအကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

၎င်းအပြင် မစ္စတာ ဂန်ဘာရီသည် နိုဝင်ဘာလ ၆ ရက်နေ့တွင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာ၊ သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့အား နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနရုံးများတွင် တွေ့ဆုံခဲ့သည်။

ပြန်ကြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဗိုလ်မှူးချုပ် ကျော်ဆန်းသည် မစ္စတာ ဂန်ဘာရီအား မြန်မာနိုင်ငံမှပြန်သွားအပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုတိုးမြင့်လာသည့်အပြင် ယခင်က ပိတ်ဆို့မှုတွင်မပါဝင်ခဲ့သည့် သြစတေးလျနိုင်ငံလည်း ပါဝင်လာကြောင်းတို့ကို ဝေဖန်ပြောဆိုကြောင်း ယမန်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.