ဆန္ဒပြပွဲ၌ ရိုက်နှက်ခံရသည့်ဒဏ်ကြောင့် လူငယ်တဦး သေဆုံး
ဧရာဝတီ | နိုဝင်ဘာ ၆၊ ၂၀၀၇
စက်တင်ဘာလ ဆန္ဒပြလှုပ်ရှားမှုတွင် အကြမ်းဖက်ရိုက်နှက်ခြင်း ခံခဲ့ရသည့်ဒဏ်ကြောင့် အန်အယ်လ်ဒီပါတီမှ လူငယ်အဖွဲ့ဝင် ကိုကိုဝင်း လွန်ခဲ့သည့် စနေနေ့က ဆုံးပါးသွားသည်ဟု အန်အယ်လ်ဒီပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တို့က အတည်ပြုပြောဆိုသည်။
အသက် ၂၂ နှစ်ရှိပြီဖြစ်သော ကိုကိုဝင်းသည် စက်တင်ဘာလ ၂၇ ရက် ချီတက်ဆန္ဒပြပွဲ၌ ဆူးလေဘုရားအနီး နအဖ လက်နက်ကိုင်တို့၏ အရိုက်နှက်ခံခဲ့ရပြီး ၁၁ ရက်ကျော်အကြာတွင် သတိလွတ်ခြင်း၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများယို ဆီးခြင်းတို့ဖြစ်ကာ လွန်ခဲ့သည့်စနေနေ့က သင်္ကန်းကျွန်းမြို့နယ် စံပြဆေးရုံတွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကို ပြောဆိုသည်။ ကိုကိုဝင်း၏ ဈာပနကို ယမန်နေ့က ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။
ကိုကိုဝင်းသည် မြောက်ဥက္ကလာပမြို့နယ် အန်အယ်လ်ဒီပါတီဝင်ဖြစ်ပြီး မွေးချင်း ၅ ဦးအနက် သားအကြီးဆုံး ဖြစ်သည်။ ဆင်းရဲနွမ်းပါးသည့် မိသားစု စားဝတ်နေရေးကို ဦးဆောင်နေရသူလည်းဖြစ်ပြီး အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ ပြီးသော်လည်း ငွေကြေးချို့တဲ့မှုကြောင့် တက္ကသိုလ် ဆက်မတက်နိုင်ပေ။
စက်တင်ဘာလ ဆန္ဒပြလှုပ်ရှားမှုများကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းသည့်အပေါ် မြန်မာပြည်သူများ စိုးရိမ်ထိတ်လန့် လျက်ရှိပြီး ယခုအခါ အာဏာပိုင်တို့က ယင်းဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို လိုက်လံဖမ်းဆီး လျက်ရှိသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တဦးက ပြောသည်။ သား သမီးများကို မမိသည့်အခါ မိဘများကို ဓားစာခံသဖွယ် ဖမ်းဆီးမှု များလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။
၈၈ ကျောင်းသားအဖွဲ့၏ စာရင်းများအရ စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုများအတောအတွင်း စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၀၀ ခန့် အသက်ဆုံးရှုံးခဲ့ပြီး ရဟန်းရှင်လူ ၃ ထောင်ကျော်ကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ယခုအခါ ၂ ထောင်ကျော်ကို ပြန်လွှတ်ပေးလိုက်ကြောင်းလည်း သိရသည်။
ကိုကိုဝင်းသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလှုပ်ရှားမှုတွင် ဦးခေါင်းဒဏ်ရာကြောင် ပထမဆုံး အသက် ဆုံးရှုံးသူလည်း ဖြစ်သည်။ [Top] |