ဂန်ဘာရီ ရောက်နေစဉ် စစ်အစိုးရက ဆက်လက် ဖမ်းဆီးနေ
ကိုစိုး | နိုဝင်ဘာ ၅၊ ၂၀၀၇
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်နေ စဉ်မှာပင် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်း မှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။
 |
| ဓာတ်ပုံ - AFP |
မစ္စတာ ဂန်ဘာရီ နေပြည်တော်တွင် ရောက်ရှိနေသည့် တနင်္ဂနွေနေ့က ကြည့်မြင်တိုင်မြို့နယ်ရှိ လက်ဖက်ရည် ဆိုင်တဆိုင်တွင် အဖွဲ့ဝင် ကိုဇော်ဇော် ကိုလည်းကောင်း တခြား ၂ ဦးဖြစ်သော လှိုင်သာယာမြို့နယ်မှ ကိုအောင် ကျော်မိုးနှင့် ကိုတင်ယုတို့ကိုလည်း သောကြောနေ့က လည်းကောင်း စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည် ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
ယနေ့အထိ အန်အယ်လ်ဒီ အဖွဲ့ဝင် ပြန်လွှတ်ရန် ၁၁၆ ဦး ကျန်ရှိနေပြီး ၁၀၀
ဝန်းကျင် ပြန်လွတ်လာခဲ့သည်ဟု လည်း ၎င်း ကပြောသည်။
မစ္စတာဂန်ဘာရီသည် တနင်္ဂနွေနေ့က နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် ခန့်အပ်ထားသော ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ဆုံသည်။
ယခုခရီးစဉ်တွင် မစ္စတာ ဂန်ဘာရီသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီပါတီနှင့်လည်း ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတရပ်က ယနေ့ဖော်ပြသည်။
မစ္စတာဂန်ဘာရီ မလာမီ လာခါနီးတွင် စစ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် ချားလ် ပက်ထရီကို မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင် လုပ်ကိုင်ခွင့်မပြုနိုင်တော့ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်ထံသို့ အကြောင်းကြားခဲ့သည်။
ယင်းချားလ် ပက်ထရီကိစ္စနှင့် ပတ်သက်၍လည်း မစ္စတာဂန်ဘာရီသည် နေပြည်တော်သို့ ယနေ့ သွားရောက် ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။
စစ်အစိုးရက ချားလ် ပက်ထရီကို မြန်မာနိုင်ငံတွင် ဆက်လက်မထားလိုခြင်းမှာ မကြာသေးခင်က သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ထောက်ခံအားပေးသောကြောင့် ဖြစ်ကြောင်းလည်း သတင်းများ
ထွက်ပေါ်ခဲ့သည်။
မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး နောက်တရက်ထုတ် အစိုးရသတင်းစာများ၏ အယ်ဒီတာ့အာဘော် အခန်း၌ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော ကုလသမဂ္ဂ ၀န်ထမ်းများသည် နိုင်ငံကြီးတချို့၏ အသုံးချခံ၍ မြန်မာနိုင်ငံ အကြောင်း တဖက်စောင်းနင်း မမှန်မကန် ထုတ်ပြန်ရေးသားကြောင်းကို ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားဖော်ပြ ထားသည်။
မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ စတင် ရောက်ရှိသည့် စနေနေ့က မန္တလေးတိုင်း မိုးကုတ်မြို့တွင် သံဃာတော် အပါး ၅၀ ကျော် မေတ္တာပို့ရွတ်ဆို၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသည်။
မစ္စတာဂန်ဘာရီ မရောက်ခင် ၂ ရက် ကျော်ကလည်း မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော် အပါး ၁၀၀ ကျော်က မြို့ကို ပတ်ကာ မေတ္တာပို့ရွတ်ဆို၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့သည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် စနေနေ့က စတင်ရောက်ရှိခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက် က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ခရီးစဉ်တွင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ၀န်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ် တွေ့ဆုံခဲ့သည်။ [Top] |