ကျောင်းသားခေါင်းဆောင်များကို ပါဆယ်ပို့ခွင့်ရ
ကိုသက် | နိုဝင်ဘာ ၅၊ ၂၀၀၇
အင်းစိန်ထောင်တွင် အထိန်းသိမ်းခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဗကသ ကျောင်းသားများ ပါဆယ်ပို့ခွင့်ရသည်ဟု ၎င်းတို့၏ မိသားစုဝင်များမှတဆင့် သိရသည်။
နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ၂ သုတ်ခွဲကာ ပါဆယ်ပို့ခွင့်ပြုမည့်အကြောင်းကို နိုဝင်ဘာလ ၁ ရက်နေ့၌ အာဏာ ပိုင်က ၎င်းတို့၏ မိသားစုဝင်များအား အကြောင်းကြားခဲ့သည်။ ပါဆယ်ပို့ခွင့်ရသူများတွင် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမာကီ၊ ကိုမြအေး၊ မမီးမီး၊ ကိုအောင်သူ၊ ကိုပဏ္ဍိတ်ထွန်း၊ မသက်သက်၊ မနိုဘယ်အေး၊ မဟန်ဦးနှင့် ကိုဒီငြိမ်းလင်းတို့ပါဝင်ကြောင်း သိရသည်။
ကိုပြုံးချို၏ဖခင် ဦးဝင်းမောင်က “သောကြာနေ့က သွားပေးတယ်။ အခက်အခဲမရှိပါဘူး၊ အဆင်ပြေပါတယ်။ လူတွေ့ခွင့်တော့ မရသေးဘူး။ ပါဆယ်ကတော့ တပတ်တခါ ပေးလို့ရတယ်လို့ ပြောတယ်။ အားဆေးလည်း ထည့်ပေးလို့ရတယ်” ဟု
ဧရာဝတီကို ပြောသည်။
စစ်အစိုးရက သြဂုတ်လ ၂၁ ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၃ ဦးကို စတင်ဖမ်းဆီးခဲ့ပြီး ၎င်းနောက် ပိုင်းတွင်လည်း ချီတက်ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည့် ကျောင်းသားများ၊ ရဟန်းသံဃာတော်များနှင့် အန်အယ်လ်ဒီပါတီဝင် ၈၀၀ ကျော်ကိုဖမ်းဆီးခဲ့ပြီး ၁၇၀ ကျော် ပြန်လွှတ်ပေးခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အတည်ပြုထားသည်။
လူအမည်နှင့် အဘနာမည်မရှိသေးသောကြောင့် အထိန်းသိမ်းခံထားရသည့် သံဃာတော်များ ပါဆယ်ပို့ခွင့် မရသေး ကြောင်းလည်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုစိုးထွန်းက “မစ္စတာ ဂန်ဘာရီ လာတဲ့အချိန်လည်း ဖြစ်တယ်၊ တဘက်ကလည်း နိုင်ငံတကာဖိအားတွေလျော့အောင် ပါဆယ်ပေးခွင့်လောက်ပေးတာ၊ အမှန်က လူကိုယ်တိုင် တွေ့ခွင့်ပေး ရမှာ။ မိသားစုတွေက ကျန်းမာရေးအခြေအနေတွေ စိုးရိမ်နေကြတယ်” ဟု ပြောသည်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို အထိန်းသိမ်းခံထားရသူများအား လူမှုရေးအရကြည့်ရှုစောင့်ရှောက်ခွင့် မပေးခြင်းသည် သိသာထင်ရှားသော အပြုသဘောဆောင်သည့် အလျော့ပေးမှုမျိုးကို စစ်အစိုးရက လုပ်ဆောင်ခြင်းမရှိသေးခြင်းဖြစ်သည် ဟုလည်း ကိုစိုးထွန်းက ပြောသည်။
ယခုလ ၃ ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗာရာဟင် အေ ဂန်ဘာရီ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်အဖြစ်သွားရောက်ခဲ့ပြီး ၅ ရက်ကြာ နေထိုင်မည်ဟု သိရသည်။
မစ္စတာ ဂန်ဘာရီသည် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဆက်ဆံရေး ၀န်ကြီး ဗိုလ်ချုပ် အောင်ကြည်တို့ကို ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရအကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ [Top] |