#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ
ကိုစိုး | နိုဝင်ဘာ ၂၊ ၂၀၀၇

ထိုင်းနိုင်ငံရောက် သံဃာတော်များနှင့် မြန်မာနိုင်ငံသားများက ပခုက္ကူသံဃာတော်များနှင့် ရဟန်းသံဃာအပေါင်းတို့အား ဖမ်းဆီး သတ်ဖြတ်ခြင်း မပြုလုပ်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နိုင်ငံတို့မှ သံဃာတော် ၁၄ ပါး အပါအ၀င် မြန်မာနိုင်ငံသား ၅၀ ခန့်က ယမန်နေ့ နံနက် ပိုင်း ၁၁ နာရီခန့်တွင် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ ပခုက္ကူ သံဃာတော် များ၏ လွန်ခဲ့သောဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းစွာမေတ္တာပို့လမ်းလျှောက်ဆန္ဒပြခြင်းကို အပြည့်အ၀ ထောက်ခံကြောင်းနှင့် ယင်းသံဃာတော်များအား စစ်အစိုးရက ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုလုပ်ရန် တောင်းဆို ဆန္ဒပြခြင်းဖြစ်သည်ဟု ဆန္ဒပြ ရာတွင် ပါဝင်သည့် သံဃာတော် အရှင်ခေမာဝံသ က ပြောသည်။  

“ဦးပဉ္ဖင်းတို့ဆန္ဒပြတာက ပခုက္ကူသံဃာတွေနဲ့ တသားတည်းရှိတယ်၊ အပြည့်အ၀ ထောက်ခံတယ်ဆိုပြီး သာသနာ့ အလံကိုကိုင်ပြီး ဆန္ဒပြတာပါ”ဟု အရှင်ခေမာဝံသ က ဧရာဝတီသို့ မိန့်ကြားသည်။

အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော် အပါး ၁၀၀ ကျော်က မြို့ကိုပတ်၍ အချိန် တနာရီခန့် ကြာသည်အထိ မေတ္တာပို့ရွတ်ဆို၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြ ခဲ့သည်။

အဆိုပါ ကြာသပတေးနေ့က မြန်မာသံရုံးရှေ့ဆန္ဒပြပွဲကို ပြည်ပရောက် မြန်မာ့မျိုးချစ် လူငယ်များအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

“မနေ့က ဆန္ဒပြတာ ရဟန်းသံဃာတွေ၊ ကျောင်းသား အလုပ်သမားတွေနဲ့ တိုင်းရင်းသားတွေ အစုံအလင် ပါဝင်တယ်၊ သံဃာတော်တွေကို မဖမ်းဖို့၊ မသတ်ဖို့ကို ကျနော်တို့ တောင်းဆို ဆန္ဒပြတာဖြစ်ပါတယ်”ဟု ပြည်ပရောက် မြန်မာ့မျိုးချစ် လူငယ် များအဖွဲ့ ဥက္ကဌ ကိုကျော်ကျော် က ပြောသည်။

တောင်းဆိုချက်များတွင် အမျိုးသားညီလာခံကို လုံးဝမလိုလား မထောက်ခံကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ဖြစ်ပေါ် ရရှိရေး အစရှိသည်တို့ကို ရေးသား၍ မြန်မာသံရုံးသို့ ပေးပို့ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ယင်းပြည်ပရောက် မြန်မာ့မျိုးချစ်လူငယ်များအဖွဲ့ကို သံဃာတော်များ ဦးဆောင်ဆန္ဒပြနေစဉ်ကာလ စက်တင်ဘာလကုန် ပိုင်းတွင် ထိုင်းနိုင်ငံရောက်သံဃာတော်များက နာယက အဖြစ်ဆောင်ရွက်ပြီး အလုပ်သမား၊ ကျောင်းသား အစရှိသည့် မြန်မာနိုင်ငံသား ၁၀၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဆန္ဒပြအဖွဲ့သည် ယမန်နေ့က မြန်မာသံရုံးရှေ့တွင် နာရီဝက်ခန့် ဆန္ဒပြပြီးနောက် ဘန်ကောက် ဂျပန်နိုင်ငံ သံရုံးသို့ သွားရောက်၍ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ရန်ကုန် ဆန္ဒပြပွဲကာလအတွင်း နအဖ စစ်အစိုးရ စစ်တပ်က ဆန္ဒပြသူ များအား သေနတ်ဖြင့် ပစ်ခတ် ဖြိုခွဲရာတွင် သေနတ်မှန် သေဆုံးခဲ့ရသည် ဂျပန်လူမျိုးဓာတ်ပုံ သတင်းထောက် ကန်ဂျီး နာဂါအိ အတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာနှင့် လွမ်းသူ့ ပန်းခွေချခဲ့ကြောင်းလည်း သိရသည်။ 

“ကျနော်တို့ မြန်မာပြည် ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲ သတင်းယူနေရင်း သေဆုံးခဲ့ရတာဖြစ်လို့ သူ့နိုင်ငံ သူ့မိသားစု နဲ့ ထပ်တူ ကျနော်တို့ နိုင်ငံသားတွေက ၀မ်းနည်းကြောင်း၊ ကျနော်တို့ ဘယ်တော့မှ မမေ့ကြောင်း သ၀ဏ်လွှာ ရေးခဲ့ပါတယ်”ဟု ကိုကျော်ကျော်က ပြောပြသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.