#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

စစ်အစိုးရအား အာဆီယံမှ ဖိအားပေးရန် ၈၈ မျိုးဆက်တောင်းဆို
ဧရာဝတီ | နိုဝင်ဘာ ၁၊ ၂၀၀၇

နိုင်ငံတကာအသိုင်းအ၀န်းကတောင်းဆိုသည့် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို မြန်မာ စစ်အစိုးရက မသိကျိုးကျွံပြုနေပါက မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက တောင်းဆိုလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုထွန်းမြင့်အောင်၊ မနီလာသိန်းနှင့် ကိုစိုးထွန်းတို့ ၃ ဦး လက်မှတ်ထိုးကာ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးထံသို့ ပေးပို့သည့်စာတွင် မြန်မာစစ်အစိုးရ အနေဖြင့် အတိုက်အခံများနှင့် အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

အာဆီယံအဖွဲ့အနေနှင့်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အန်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသား ကိုယ်စား လှယ်များ ပါဝင်ရေးဆွဲခွင့်မရသည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံကြောင်းကို ကြေညာရန်လည်း ၈၈ ကျောင်းသားခေါင်းဆောင်များ၏စာတွင် တိုက်တွန်းထားသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ယို သည် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စင်ကာပူနိုင်ငံတွင် ပြုလုပ်မည် ဖြစ်သည်။ မြန်မာ နိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။

ထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲစတင်ရေးတို့အတွက် အာဆီယံအဖွဲ့က စစ်အစိုးရအား ပိုမိုဖိအားပေးသွားရန်ကိုလည်း ၈၈ ကျောင်းသားခေါင်းဆောင်များ၏ ပေးစာတွင် တောင်းဆိုထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် အေ ဂန်ဘာရီသည် လာမည့် စနေနေ့တွင် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ သွားရောက်မည်ဖြစ်ပြီး စတုတ္ထအကြိမ် သွားရောက်ခြင်း ဖြစ်သည်။

စစ်အစိုးရက ချီတက်ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မြန်မာနိုင်ငံသို့ တကြိမ် သွားရောက်ခဲ့သည်။ ၎င်းအကြိမ်သွားရောက်ခဲ့စဉ်က မစ္စတာဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် နအဖခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့သည်။

၈၈ ကျောင်းသားခေါင်းဆောင်များသည် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကို ရှောင်တိမ်းရင်း အာဆီယံအဖွဲ့သို့ အထက်ပါ စာကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဌေးကြွယ် နှင့် ကိုပြုံးချိုတို့အပါအ၀င် ၈၈ ကျောင်းသားအဖွဲ့ဝင် ၄၀ ကျော်ကို ဖမ်းဆီးထားကြောင်း စာတွင် ဖော်ပြထားသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.