#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

မြန်မာ့အရေး အရှိန်အဟုန် မြှင့်ဖို့လိုသည်
အောင်ဇော် | နိုဝင်ဘာလ ၆၊ ၂၀၀၇

စက်တင်ဘာလက ဖြစ်ပေါ်ခဲ့သော လူထုအုံကြွမှုကြီးနှင့် ဆက်လက်ဖြစ်နေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း က မြန်မာနိုင်ငံ၏ ခေတ်သစ်နိုင်ငံရေးသမိုင်းတွင် အရေးပါသည့် အချိုးအကွေ့အလှည့်အပြောင်းကာလတခုသို့ ရောက်လာ ပြီဟု ဆိုရမည်။ ဤအခြေအနေကိုသာ တည့်မှန်စွာ လှည့်ပြောင်းနိုင်ပါက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှ မိမိတို့လို လားနေသည့် ကြွယ်ဝချမ်းသာသည့် ဒီမိုကရေစီနိုင်ငံတော် အဖြစ်လည်း ပေါ်ထွန်းလာရန် အကြောင်းရှိနေသည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံကာလများက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရမှုများကို မျက်မြင်ကိုယ်တွေ့ကြုံဖူးခဲ့သူ တဦးဖြစ်သည့် အလျှောက်၊ မိမိက စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာသံဃာတော်များ၏ စည်းစနစ် ကျနလှသော ငြိမ်း ချမ်းစွာ ချီတက်ဆန္ဒပြပွဲများကို ပို၍ အထင်ကြီးလေးစားမိခဲ့သည်။ ထိုမျှမက ဤသံဃာတော်များနှင့် လူထုများအပေါ် အာဏာပိုင်များက စနစ်တကျ ကျူးလွန်လာခဲ့သော ရက်စက်စွာ ဖြိုခွင်းဖိနှိပ်မှုများကိုလည်း အထူးထိတ်လန့်တုန်လှုပ် နေမိတော့သည်။

၁၉၈၈ ခုနှစ်က ရန်ကုန်မြို့လမ်းမများပေါ်တွင် မိမိက ဆန္ဒပြကျောင်းသား၊ တက်ကြွလှုပ်ရှားသူတဦးအဖြစ် ပါဝင်ခဲ့ပြီး၊ အာဏာရှင်အစိုးရ၏ အကျဉ်းထောင်တခုအတွင်း၌လည်း ချုပ်နှောင်ခံခဲ့ရသေးသည်။ ၁၉-နှစ်ကြာသောအခါ မိမိက သတင်းစာသမားတဦး ဖြစ်နေပြီး၊ နောက်တကြိမ် လူထုအုံကြွမှုကြီးကို ပြန်လည်သတင်းရေးသားနေရပြန်သည်။ သို့သော် လည်း ဤအဖြစ်အပျက် နှစ်ခုအကြားတွင် ထင်ရှားသည့် ကွဲလွဲချက်များ အများအပြားကိုလည်း သတိပြုမိနေခဲ့သည်။

၁၉၈၈ အရေးတော်ပုံက သွေးစွန်းသည့်ဖြစ်ရပ်ဖြင့် အစပြုခဲ့ပြီး၊ ပို၍သွေးထွက်သံယိုများသော အကြမ်းဖက်မှုများဖြင့် ဇာတ်သိမ်းခဲ့ရသည်။ ယခုတကြိမ်တွင်တော့ ငြိမ်းချမ်းစွာစုရုံး ဆန္ဒပြမှုများဖြင့် စတင်လာခဲ့ပြီး၊ သွေးထွက်သံယိုဖြိုခွဲချေမှုန်း မှုများဖြင့် နောက်ထပ်နိဂုံးချုပ်ရခြင်းပင် ဖြစ်သည်။

၁၉၈၈ နှင့်စာလျှင် နိုင်ငံရေးသွင်ပြင်ကလည်း ပြောင်းခဲ့ပြီ ဖြစ်သည်။ ၁၉၈၈ က နိုင်ငံတကာမိသားစုများနှင့် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေသူများ အနေဖြင့် မြန်မာနိုင်ငံ ဘယ်မှာရှိသည်ကို ရှာနေကြရသည်။ အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို အဆင်သင့် အမြတ်ထုတ်ကာ “အပြုသဘောဆောင်သည့်ဆက်ဆံရေး” မူဖြင့် စစ်အစိုးရကို ဒိုင်းလွှားကာ အကာအကွယ်ပေးခဲ့ကြသည်။ တရုတ်နိုင်ငံက ပွဲအတွင်း ၀င်ရောက် လာခဲ့ပြီး စစ်အစိုးရကို ဗိုလ်နေမြဲ ကျားနေမြဲ အနေအထားမပျက် သက်ဆိုးရှည်စေခဲ့ပြန်သည်။

ယခုတကြိမ် ငြိမ်းချမ်းစွာဆန္ဒပြပွဲများနှင့် သတ်ဖြတ်ချေမှုန်းမှုများက နိုင်ငံတကာ၏ အာရုံစိုက်မှု အထူးရစေခဲ့သည်။ နိုင်ငံ တကာ သတင်းဌာနများနှင့် ပြည်ပရှိ မြန်မာသတင်းမီဒီယာများကလည်း မြန်မာ့အရေးကို ပို၍အလေးထားလာစေရန် မီးမောင်းထိုး ဖော်ပြနိုင်ခဲ့ကြသည်။

ဤတကြိမ်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကလည်း ပူးပေါင်းလာ၍ ရက်စက်စွာဖြိုခွင်းမှုများအပေါ် ပြစ်တင်ရှုံ့ချခဲ့ကြ သလို၊ ရန်ကုန်နှင့် အခြားဒေသများတွင် ဖြစ်နေသည့် အခြေအနေများကို မနှစ်မြို့ကြကြောင်း ဖော်ပြခဲ့ကြသည်။ စင်္ကာပူ နိုင်ငံ၏ ခေါင်းဆောင်ကြီး လီကွမ်ယူက မြန်မာစစ်ခေါင်းဆောင်များကို စီးပွားရေးစီမံခန့်ခွဲမှု ကိစ္စများတွင် “ထုံအသည်” ဟု ဆိုခဲ့သလို၊ စစ်အစိုးရအနေဖြင့် ဤအနေအထားမျိုးဖြင့် တသက်လုံး ရပ်တည်သွားနိုင်ဖွယ် မရှိကြောင်း ပြောခဲ့သေးသည်။

ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများကလည်း ချက်ချင်းဆိုသလို ဤရက်စက်မှုကြီးအပေါ် တုံ့ပြန်ခဲ့ကြပြီး၊ ဤတကြိမ်တွင် စစ်အစိုးရ၏ အဓိက မဟာမိတ်ဟု ဆိုရမည့် တရုတ်နိုင်ငံကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌက ထုတ်ပြန်လာ သည့် မြန်မာနိုင်ငံဆိုင်ရာ ကြေငြာချက်အပေါ် ဗီတိုအာဏာသုံး ငြင်းပယ်နေခြင်း မပြုတော့ပါ။

ဤသို့ နိုင်ငံတကာမှ တုံ့ပြန်လာမှုများနှင့် ပြစ်တင်ရှုံ့ချမှုများက အလျှင်အမြန်ဖြစ်ပေါ်လာခဲ့သော်လည်း၊ လုံလောက်မှု မရှိ သေးဟု ဆိုရပါလိမ့်မည်။ အကယ်၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို မြင်လိုသည်ဆိုပါက တရား
ဝင်ထုတ်ပြန်ကြေငြာနေချက်များ၊ လူကြားကောင်းရုံ ပြောဆိုနေမှုများထက်ပို၍ ဆောင်ရွက်ရပါလိမ့်မည်။ ၁၉၈၈ ခုနှစ်က အခြေအနေနှင့် မတူသောအချက်မှာ စစ်အစိုးရက ဘဏ္ဍာရေးအရနှင့် သံတမန်ရေးအရ အားကောင်းတောင့်တင်း မနေပါ။ ထိုစဉ်က စစ်ဗိုလ် ချုပ်ကြီးများနှင့် စစ်အစိုးရ၏ ရပ်တည်ရေးကို တိုက်ရိုက်ခြိမ်းခြောက်နိုင်မည့် ကိစ္စဟူ၍လည်း အနည်းငယ် မျှသာ ရှိခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်မံ၍ ချမှတ်ခဲ့သည်။ ယခုတကြိမ်တွင် တော့ စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ် အကျိုးဖြစ်ထွန်းနေသူ ဆွေမျိုး အခွင့်ထူးခံများ စိုးရိမ်ပူပန်နေကြရသည်ကတော့ အမှန် ပင် ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏အိမ်နီးချင်းများကမူ “မနှစ်မြို့ကြောင်း” ထုတ်ပြန်ကြေငြာချက်များ ထုတ်နေရုံမှ လွဲ၍ နည်းနည်းမျှ မလှုပ်ကြသေးပါ။

စစ်အစိုးရက ဒေသအတွင်းရှိနိုင်ငံများ၏ မတူကွဲပြားသော အကျိုးစီးပွားများကို ပါးနပ်စွာ ကစား၍ ၎င်း၏ ရပ်တည်ရေး အတွက် အသုံးချနေပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏ခေါင်းမာဂိုဏ်းသားများက ကုလသမဂ္ဂနှင့် ၎င်း၏အထူး သံတမန်၏ အခန်းကဏ္ဍကို လည်သလို လှည့်စားအသုံးချ၍ တရုတ်နှင့် အေဆီယံနိုင်ငံများ၏နောက်တွင် ပုန်းအောင်းခိုလှုံ ၍ ရဦးမည်ဟု ယူဆနေကြပါသေးသည်။ မြန်မာနိုင်ငံ၏ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက်ဆိုလျှင် ၎င်း၏အဓိက ကုန် သွယ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အေဆီယံနိုင်ငံများက သော့ချက်သဖွယ် ရှိနေပါသည်။

ကုလသမဂ္ဂ၏ အထူးသံကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီက မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ရခဲ့သော်လည်း၊ ဗိုလ်ချုပ် ကြီးများနှင့် တွေ့ဆုံခွင့်မရမီ နိုင်ငံ၏မြောက်ပိုင်းဒေသများသို့ သူ့ကို အလည်အပတ်လှည့်၍ ခေါ်သွားခဲ့ပါသေးသည်။ သေချာ သည်မှာ ၎င်းဗိုလ်ချုပ်ကြီးများက နိုင်ငံတကာပြစ်တင်ဝေဖန်မှုကို လျစ်လျူပြုနေနိုင်သေးကြောင်း ယူဆထားကြခြင်းပင် ဖြစ်သည်။

စစ်အစိုးရက “ပုံမှန်အခြေအနေ ပြန်ရောက်ပြီ” ဟု ကြွေးကြော်နေဆဲ၌ ဖိနှိပ် နှိပ်ကွပ်မှုများကို အတားအဆီးမရှိ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ စစ်အစိုးရနှင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အကြား ဆက်သွယ်နိုင်ရန် “ဆက်ဆံရေးဝန်ကြီး” တဦးကို ခန့်အပ်ပြီး သံတမန်ရေးထိုးစစ်များလည်း လက်ဦးအောင် လုပ်လာခဲ့သည်။

ယခင်က လုပ်ဆောင်ပုံထက်တော့ အနည်းငယ်တိုးတက်လာသည် ဆိုရမည်။ ယခင်က ရှိခဲ့ဖူးသော “ဆက်ဆံရေးအရာရှိ များက ဒေါ်စုအိမ်တွင် လေအေးပေးစက်ပျက်နေသည်ကို ပြင်ပေးရုံ၊ ကန်နဘေးရှိ အိမ်တွင် ရုပ်မြင်သံကြားတပ်ပေးရုံမျှသာ စွမ်းနိုင်ကြပြီး၊ သူတို့က ဤ“အမျိုးသမီး” အပေါ် မည်မျှ လေးစားကြည်ညိုမှုရှိသည်ကို ၎င်းတို့ခေါင်းဆောင်များထံ သတင်း ပြန်ပို့ရန် မ၀ံ့ရဲခဲ့ကြပါ။ “ဤတကြိမ် ဆက်ဆံရေးအရာရှိ ခန့်ထားသည်ဆိုပါလျှင်လည်း မည်သူက အရူးလုပ်၍ ယုံကြည်ပါ တော့မည်နည်း။”

သို့အတွက်ကြောင့် ဖြိုခွဲချေမှုန်းမှု အပြီးနောက်ပိုင်းတွင် စစ်အစိုးရဆောင်ရွက်သမျှ ကိစ္စအားလုံးအပေါ် လူအများက သံသယဖြင့် တုံ့ပြန်ကြမည်။ စစ်အစိုးရက မည်မျှပင် ရိုးသားသည်ဆိုစေ မေးခွန်းထုတ်လာကြမည်ကတော့ နားလည်နိုင် စရာ ရှိနေပေသည်။

ပြောရမည်ဆိုလျှင် စက်တင်ဘာလ ဖြိုခွဲချေမှုန်းမှု ပြီးချိန်မှစ၍ အရာအားလုံးက အခြေခံကျကျ ပြောင်းလဲသွားခဲ့ပေပြီ။ ယခင်လို အရာအားလုံး နေသားတကျ ပြန်ထားရန် မဖြစ်နိုင်တော့ပါ။ မြန်မာနိုင်ငံ၏ သက်တန်းအရှည်လျားဆုံး ဗုဒ္ဓဘာသာ လူမှုအဖွဲ့အစည်းသည်ပင် အကြမ်းဖက်နှိပ်ကွပ်မှုများ၏ သားကောင်ဖြစ်နေရပြီး၊ ဤအခြေအနေတွင် လူအများ၏ ယုံကြည် ကိုးစားမှုကို စစ်ခေါင်းဆောင်များ ပြန်လည်ရရှိရန် မဖြစ်နိုင်တော့ပါ။

သို့သော်လည်း စိုးရိမ်ပူပန်ဖွယ် အခြေအနေမှာ မြန်မာနိုင်ငံသတင်းများက ကမ္ဘာ့သတင်းစာများ၏ ရှေ့မျက်နှာဖုံးများမှနေ၍ ပျောက်ကွယ်နေကြပြီ။ အချိန်ကြာလာသည်နှင့်အမျှ စစ်အစိုးရ နေသာသပ ဖြစ်လာလိမ့်မည်။ ဆန္ဒပြပွဲကာလက ဖမ်းဆီးခံ ထားရသော သံဃာများနှင့် ထိန်းသိမ်းခံထားရသူများက အကျဉ်းထောင်များ၊ အချုပ်များထဲ၌ပင် ရှိနေကြသေးသည်။ တပြိုင်နက်တည်းမှာပင် အရေးပါသည့် တက်ကြွလှုပ်ရှားသူများကိုလည်း ပိုက်စိတ်တိုက်၍ ရှာဖွေဖမ်းဆီးနေကြသေးသည်။

တနိုင်ငံလုံးကို အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ထားနိုင်ရန် စစ်အစိုးရက ပြန်လည် ထိုးစစ်ဆင် လုပ်ဆောင်လာနေ ပြန်ပြီ ဖြစ်သည်။ နိုင်ငံတွင် အပြောင်းအလဲများကို မြင်လိုကြသော်လည်း၊ လူအများ၏ ဘ၀တွင် စိတ်ဓါတ်ပြိုကွဲခြင်း၊ စိတ် ပျက်အားငယ်ရခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့် စိုးမိုး၍ အရိပ်မဲထိုးလာနေခဲ့ပြီ။

ယခုအချိန်တွင် အထူး အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံအရေးကို ဆက်လက်သက်ဝင်နေစေရန် ဖြစ်ပြီး၊ အရှိန်အဟုန်တန့် မသွားစေရန်၊ မြန်မာပြည်သူလူထုများအတွက် လုပ်ဆောင်နိုင်ဖွယ်နေရာများ ဖန်တီးပေးရန်ပင် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏ရေပေါ်ဆီ အခွင့်ထူးခံတစုတို့က မနက်ဖြန်အတွက် စိုးရိမ်နေစရာ မလိုသမျှကာလပတ်လုံး နိုင်ငံရေးအရ အလျှော့ပေး၊ အလှည့်အပြောင်း လုပ်ကြမည် မဟုတ်ပါ။ သူတို့က စစ်အစိုးရ ဆက်လက်ရပ်တည်နိုင်ဖွယ် လမ်းမရှိတော့ကြောင်း သဘောပေါက်လာမှသာ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ မြင်လာကြရလိမ့်မည် ဖြစ်သည်။

အရေးကြီးသော မေးခွန်းမှာ စစ်အစိုးရက အားလုံးဘူးခံငြင်းပယ်နေသည့် အခြေအနေတွင် ဆက်လက်နေထိုင်၍ မဖြစ်နိုင် တော့စေရန် မည်သူများက လုပ်ဆောင်ကြမည်နည်း။ စစ်အစိုးရ သက်ဆိုးမရှည်စေနိုင်ရန်အတွက် မည်သူများက အသက် လမ်းကြောင်း ဆက်ပေးနေသည့် ခလုတ်ကို ဖြုတ်ကြမည်နည်း ဟူသော မေးခွန်းများပင် ဖြစ်သည်။

ယခုကဲ့သို့ သေရေးရှင်ရေး ဖြစ်နေသည့်အချိန်တွင် မှန်ကန်သော ရောဂါအဖြေရှာမှုနှင့် မှန်ကန်သောဆေးချက်ပေးနိုင်ရေး တို့က အထူးအရေးကြီးနေပါသည်။ အကယ်၍လူနာက ခွဲစိတ်ကုသမှရတော့မည့်အခြေအနေတွင်
ဆေးဝါးတိုက်ကျွေးနေရုံမျှဖြင့် အလုပ်မဖြစ်နိုင်တော့ပါ။

ဤအခြေအနေသည် မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် အကောင်းဆုံးအခွင့်အလမ်း ဖြစ်သလို၊ အကောင်းဆုံး အချိန်ကိုက်လည်း ဖြစ်ပါသည်။ လူအများကလည်း နိုင်ငံရေးအရ စိတ်အားထက်သန်နေကြဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တနေ့ ဒီမိုကရေစီ ရလာမည့် အရေးမှာ သံသယဖြစ်ဖွယ်မရှိပါ။ သို့သော်လည်း မေးခွန်းမှာ မည်သည့် အချိန်နှင့် မည်သို့မည်ပုံ ဒီမိုကရေစီဖြစ်လာမည်နည်းဟူသော မေးခွန်းသာ ဖြစ်ပါတော့သည်။      ။ [Top]

အောင်ဇော်ရေးသားသည့် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ထုတ် ဧရာဝတီမဂ္ဂဇင်းပါ အယ်ဒီတာအာဘော်ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.