#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

တာဝန်သိအစိုးရသာ နျူးကလီးယားနည်းပညာ ပိုင်ဆိုင်သင့်သည်

မြန်မာနိုင်ငံတွင် နျူးကလီးယားဓာတ်ပေါင်းဖိုတခုကို ရုရှားနိုင်ငံက ကူညီတည်ဆောက်ပေးမည့်သတင်းများ မကြာမီက ထွက်ပေါ်လာသည်။ ထိုသတင်းကြောင့် ငြိမ်းချမ်းရေးရည်ရွယ်ချက်နှင့်သာ နျူးကလီးယားနည်းပညာကို အသုံးပြုခွင့်ပေးရန် ကြိုးပမ်းအားထုတ်နေကြသည့် ကမ္ဘာ့နိုင်ငံများအကြား စိုးရိမ်မှု တိုးပွားလာခဲ့သည်။

၁၀ မီဂါဝပ်ရှိသည့် ထိုဓာတ်ပေါင်းဖိုသည် သုတေသနလုပ်ရန်အတွက်သာဖြစ်သည်ဟု မြန်မာနှင့်ရုရှား နှစ်နိုင်ငံစလုံးက အာမခံကြသည်။ သို့သော် နှစ်နိုင်ငံစလုံး၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းများကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ နျူးကလီယားလက်နက်ပိုင်ဆိုင်ရေး ရည်မှန်းချက်လမ်းစများ တဖြည်းဖြည်းပွင့်လာနိုင်သည်ဟု စိုးရိမ်ကြသည်မှာ သဘာဝ ကျလှ၏။ မြောက်ကိုရီးယားသည်လည်း လွန်ခဲ့သည့်နှစ်က နျူးကလီးယားလက်နက် စမ်းသပ်ပြခြင်းဖြင့် နိုင်ငံတကာ၏ ကန့်ကွက်မှုများအား အံတုနိုင်သည်ကို နမူနာ ပြသခဲ့ပြီးမဟုတ်လော။

မြန်မာစစ်အစိုးရသည် နိုင်ငံတကာ၏သဘောထားများကို ဆန့်ကျင်အာခံသည့်နေရာတွင် မြောက်ကိုရီးယားနည်းတူ ကျွမ်းကျင်မှု ရှိသည်။ ယခု နျူးကလီးယားအစီအစဉ်သည် မည်သူ့ကိုမျှ ခြိမ်းခြောက်ရန်မဟုတ်ဟူသော အာမခံချက် သည်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်နှာပြောင်တိုက် ငြင်းဆိုနေသည့် စစ်အစိုးရ ထုံးစံအတိုင်းသာ ဖြစ်တော့သည်ဟု ယူဆရပေမည်။ နျူးကလီးယားဓာတ်ပေါင်းဖိုသည် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (အိုင်အေ အီးအေ) ၏ ထိန်းချုပ်မှုအောက်တွင်ရှိမည်ဟု မြန်မာနှင့်ရုရှား နှစ်နိုင်ငံစလုံးက ကြေညာသော်လည်း အေဂျင်စီက ငြင်းဆိုသောကြောင့်  ထိုကြေညာချက် မှန်ကန်မှုမရှိဟု ယူဆသည်။

မြန်မာနိုင်ငံသည် နျူးကလီးယား မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ထိုးထားသော နိုင်ငံဖြစ်ပါသည်။ သို့သော် နိုင်ငံတကာ သဘောတူညီချက်များတွင် အဖွဲ့ဝင်ဖြစ်သည်ဟူသောအချက်က စစ်အစိုးရက စာချုပ်ကို မချိုးဖောက်နိုင်ဟု အဓိပ္ပာယ် မထွက်ချေ။ စစ်ရေးခြိမ်းခြောက်မှုကိုသာ အလေးထားတတ်သော စစ်ဗိုလ်ချုပ်များသည် အိုင်အေအီးအေက အလွန်ဆုံး အရေးယူနိုင်သည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခြင်းကို အလေးထားမည် မဟုတ်ပါ။

သုတေသနဓာတ်ပေါင်းဖိုတွင် အဆင့်နိမ့်ယူရေနီယမ်ကို အသုံးပြုမည်ဖြစ်၍ မြန်မာနိုင်ငံသည် နျူးကလီးယားလက်နက် ထုတ်လုပ်ရန်မှာ မဖြစ်နိုင်သည့်ကိစ္စ ဟူသည့်အချက်သည် အမှန်ပင်။သို့သော် စစ်အစိုးရသည် ရုရှားပါဝင်ပတ်သက်နေသည့် အချက်သည်ပင် တလွဲအသုံးချမှုများ ဖြစ်လာနိုင်နေသည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲစဉ် ပေါက်ကွဲလွယ်သည့် ယူရေနီယမ်များ ပျောက်ဆုံးသွားသော အတွေ့အကြုံက သက်သေဖြစ်သည်။ လွန်ခဲ့သောနှစ် ၃၀ ကွန်ဂိုနိုင်ငံ နျူးကလီးယား ဓာတ်ပေါင်းဖိုတခုမှ ယူရေနီယမ် လောင်စာချောင်းများ ပျောက်သွားခဲ့ပြီး နောက်ပိုင်းတွင် အီတလီလူမျိုး ခိုးထုတ်သူများ လက်ထဲက ပြန်ရှာတွေ့ခဲ့သည့် အဖြစ်အပျက်သည် ယနေ့အထိ ခြောက်လှန့်လျက် ရှိနေပါသည်။

စစ်အစိုးရသည် အိုင်အေအီးအေ၏ စစ်ဆေးရေးမှူးများကို ပုံမှန်စစ်ဆေးခွင့်ပေးခြင်း၊  စစ်ရေးဘက်တွင် အသုံးမပြုခြင်း စသည့် စည်းမျဉ်းဥပဒေများကိုလိုက်နာခဲ့သော်ငြား နျူးကလီးယားဓာတ်ပေါင်းဖိုအား ထိန်းချုပ်နိုင်စွမ်းနှင့် ထိန်းသိမ်းနိုင်စွမ်း အပေါ် သံသယကြီးစွာ ဖြစ်ရသည်။ မြန်မာနိုင်ငံတွင် စက်မှုနည်းပညာ ပြုပြင်ထိန်းသိမ်းမှု အလွန်ညံ့ပါသည်။ လျော့ရဲသော လုံခြုံရေး၊ အကျင့်ပျက်လာဘ်စားမှုနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းများကြောင့် စစ်ဆေးကြီးကြပ်မှုများကို အပေါ်ယံကြော လုပ်ကြသည်။

ထို့ကြောင့် နျူးကလီးယားနည်းပညာကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မည်ဟု မျှော်လင့်၍ မရသေးချေ။ တိုင်းပြည်၏ လျှပ်စစ်စွမ်းအင်နှင့် ဆေးသိပ္ပံသုတေသနအစီအစဉ်များတွင် နျူးကလီးယားစွမ်းအင်ကို အောင်မြင်စွာ ပေါင်းစပ်သုံးစွဲ နိုင်လျှင်သော်ငြား အလွဲသုံးစားမှုများ မဖြစ်နိုင်ဟု အာမမခံနိုင်။

နောက်ဆုံးအနေနှင့်သုံးသပ်ရသော် နျူးကလီးယားနည်းပညာသည် တာဝန်သိသောအစိုးရများလက်ထဲတွင်သာ ရှိသင့်၏။ ထိုအချက်တခုတည်းနှင့်ပင်လျင် စစ်အစိုးရသည် နျူးကလီးယားနည်းပညာကို မပိုင်ဆိုင်ထိုက်ချေ။     ။
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.