မြန်မာ့ စွမ်းအင်လောင်စာ ရောင်းစားပွဲ
မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးအာဏာပိုင်များက ၎င်းတို့ အာဏာသိမ်းချိန်မှစ၍ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း နိုင်ငံ၏ အာဏာကို မည်မျှကြာသည့်တိုင် ထိန်းချုပ်ထားလိုကြောင်း မကြာခဏဆိုသလို ဖော်ထုတ်ပြသခဲ့ကြဖူးပါသည်။
စစ်အာဏာပိုင်တို့သည် မည်သို့သောစွန့်လွှတ်မှု ကြီးကြီးမားမားကိုမျှ ပေးရန်မရှိသကဲ့သို့ အကြမ်းဖက်ရက်စက်ရန်ကိုလည်း လက်တုံ့ နှေးနေခြင်း မရှိခဲ့ကြပါ။
ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့၏ ကျင့်သုံးခဲ့သည့် နည်းနာများအတိုင်းသာ စီးပွားရေး အထီးကျန်
ဝါဒနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နှိမ်နင်းခြင်းများကို ဦးစားပေးကျင့်သုံးလာခဲ့ပါသည်။ သို့ရာတွင် လက်ရှိမြန်မာ စစ်အာဏာရှင်များကား အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် လှည့်စားမှုနည်းလမ်းသစ်များ ထပ်ဖြည့်ကာ ဖန်တီးလာကြပြန်သည်။
သူတို့က လောဘတကြီးရှိလှပြီး နိုင်ငံရေးအရ အထူးသည်းခံလိုက်လျောပေါင်းသင်းတတ်သည့် အိမ်နီးချင်းနိုင်ငံများသို့ လောင်စာစွမ်းအင်ဖြင့် နှစ်သိမ့်စေကာ မြန်မာပြည်သူများ၏ အနာဂတ်နှင့် အပေးအယူဖလှယ်ကာ ရောင်းဝယ်နေကြသည်။
မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့တွင်းများမှ အမြတ်ငွေ ဒေါ်လာသန်း ဘီလီယံပေါင်းများစွာကို ထုတ်ယူနိုင်ခဲ့ကြပြီး အထူးသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံသို့ ရောင်းချ၍ ရရှိခဲ့ကြခြင်း ဖြစ်ပါသည်။
ထိုမျှမက တန်ဖိုးမဖြတ်နိုင်သည့် အခြားအကျိုးအမြတ်များ ဖြစ်သော ဒေသတွင်း နိုင်ငံရေးအရ မျက်နှာသာရမှု၊ ထောက်ခံ ပံ့ပိုးမှုများကိုလည်း ရရှိခဲ့ပါသည်။ အနောက်တိုင်းနိုင်ငံများက စီးပွားရေးအရပိတ်ဆို့အရေးယူမှု၊ ကုလသမဂ္ဂအတွင်း နိုင်ငံရေးအရ ဖိအားပေးမှုများဖြင့် မြန်မာနိုင်ငံကို ထိန်းချုပ်ကန့်သတ်နိုင်ရန် ကြိုးပမ်းနေကြသောအချိန်၌ ဤအကူအညီများ က စစ်အာဏာပိုင်များအတွက် များစွာအကျိုးဖြစ်စေခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ဟိုက်ဒရိုကာဘွန်ထွက်ပစ္စည်း အကြွယ်ဝဆုံးသော နိုင်ငံ များတွင် တခုအပါအ၀င် ဖြစ်နေပါသည်။ များမကြာမီက ရခိုင်ပြည်နယ် အနောက်ပိုင်းရှိ ရွှေသဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ထုတ်ယူနိုင်သော သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၀၀ ဘီလီယံမျှပင် ရှိနေနိုင်သည်ဟု ဖော်ပြခဲ့ကြပါသည်။
ဤသည်မှာ အစွန်အဖျားမျှပင် ဖြစ်နိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်နှင့် အက်ဒမန်ပင်လယ် အတွင်းရှိ လုပ်ကွက်များ တွင်လည်း သဘာဝဓာတ်ငွေ့ ကုဗမီတာ ထရီလီယံနှင့်ချီ၍ ရှိနေမည်ဟု မျှော်လင့်ရပါသေးသည်။ ဤသတင်းများသည် စစ်အစိုးရအတွက် မင်္ဂလာသတင်းကောင်းများဖြစ်ပြီး ဤသဘာဝသယံဇာတများဖြင့် ထောက်ခံသူအများအပြားကို ဆက်လက်စည်းရုံးဖွယ် ရှိသည်။
ထိုင်းနိုင်ငံအစိုးရက ထိန်းချုပ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ပီတီတီ (PTT) ၏ ရှာဖွေရေးဌာနခွဲတခုက မုတ္တမပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံ၏တောင်ဘက် ကမ်းရိုးတန်းဒေသများတွင် သဘာဝဓာတ်ငွေ့ အများအပြားကို ရှာဖွေ တွေ့ရှိခဲ့ပြန်ပါသည်။ ထိုမျှမက ၎င်းကုမ္ပဏီက အနည်းဆုံး သဘာဝဓာတ်ငွေ့ ကုဗမီတာ ၇၀ ဘီလီယံမျှရှိနေနိုင်သည့် လုပ်ကွက် (Block M-9) တွင် စစ်အစိုးရ၏ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ဖက်စပ် ပူးတွဲ၍ တူးဖော်ရန် အတွက် အစုရှယ်ယာ အများစုကို ပိုင်ဆိုင်ထားပါသေးသည်။
ဗိုလ်ချုပ်ကြီးများအတွက် အကျိုးအမြတ်ဖောဖောသီသီ ရယူခံစားရန်သာ ရှိပါတော့သည်။ ထိုင်းနိုင်ငံသို့ ရောင်းချရရှိငွေတခု တည်းသည်ပင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံမျှ ရရှိနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ခန့်မှန်းထားပါသည်။ မြန်မာနိုင်ငံ ပြည်ပတွင် စည်းရုံးလှုပ်ရှားနေသည့် အဖွဲ့အစည်းတခုဖြစ်သည့် “ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့”က ခန့်မှန်းရာတွင် ဘင်္ဂလားပင်လယ်အော်တွင်းရှိ လုပ်ကွက် (Bloack A-1) မှ ရောင်းချရရှိငွေသည်ပင် အမေရိကန်ဒေါ်လာ
၁၂ ဘီလီယံကျော်မျှ ရရှိနိုင်သည်ဟု ဆိုပါသည်။
ဤသို့ ဒေါ်လာဘီလီယံနှင့်ချီသော ဘဏ္ဍာငွေများဖြင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ကောင်းရာကောင်းကြောင်း အခြေခံ ကျကျပြုပြင်ပြောင်းလဲမှုများ လုပ်မည်ဆိုလျှင် လုပ်နိုင်ပါသည်။ ကျောင်းအသစ်များ၊ စာအုပ်အသစ်များ၊ ပစ္စည်းကရိယာများ၊ ပို၍ကောင်းမွန်စွာ လေ့ကျင့်ထားသော ဆရာများ စသည်ဖြင့် ပံ့ပိုးပေးနိုင်ပါသည်။ နိုင်ငံ၏ ယိုယွင်းပျက်စီးနေသော ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးပါပါ ဆောင်ရွက်နိုင်ပါသေးသည်။ မြန်မာနိုင်ငံ၏ အလုပ်သမားထုအတွက် နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပညာများတပ်ဆင်ပေးရန်နှင့် လူမှုအထောက်အကူပြု အစီအစဉ်များ အစပျိုး၍ ဆောင်ရွက်နိုင်ပါသည်။ သို့မဟုတ် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍကို ခေတ်မီဆန်းသစ်စေပြီး နိုင်ငံသားများအတွက် နေ့စဉ် လျှပ်စစ်မီး နာရီတိုး၍ ရရှိ စေရန်လည်း ဆောင်ရွက်ပေးနိုင်ပါသည်။
ဤသို့ မျှော်လင့်ထားသည်များ ဖြစ်နိုင်ခြေရှိခဲ့ပါသော်လည်း တခုမှ ဖြစ်မလာခဲ့ပါ။
စစ်ဗိုလ်ချုပ်များကား စစ်တပ်ခေတ်မီရေးကို ဆက်လက်ကြိုးပမ်းအားထုတ်နေခဲ့ကြပြီး သူတို့၏ နေရာခိုင်မြဲရေးသာ ဆောင်ရွက်ခဲ့ကြပါသည်။ သူတို့က တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ နိုင်ငံရေးအရမျက်နှာသာပေးမှုကို တောင်းခံခဲ့ကြပြီး နိုင်ငံတကာ ကြိုးပမ်းချက်များကို ပစ်ပယ်လျစ်လျူရှုနိုင်ရန် ဆောင်ရွက်ခဲ့ကြပါသည်။
ဇန်န၀ါရီလက အမေရိကန် ပြည်ထောင်စု ဦးဆောင်၍ မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို တင်သွင်းခဲ့သော ကာလတွင် မဲခွဲရန်အချိန်မတိုင်မီ၌ ဤသို့စည်းရုံးဆောင်ရွက်ခဲ့သည်ဟု တချို့က စွပ်စွဲခဲ့ကြပါသည်။
မြန်မာပြည်သူများကား နိုင်ငံ၏ သဘာဝရင်းမြစ်များအား အလွန်အကျူးထုတ်ယူသုံးစွဲနေမှုများကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ ရုရှား၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံရှိ ကုမ္ပဏီများက ယခုအခါ မြန်မာနိုင်ငံရှိ သယံဇာတများ တွေ့ရနိုးဖြင့် တူးဆွ ထုတ်ဖော်နေကြသည်။ ၎င်းတို့အနေဖြင့် ဤအကျိုးဆက်များကို ခံစား ကြရမည့် သန်းပေါင်းများစွာသော အဖိနှိပ်ခံ မြန်မာပြည်သူများ၏ အရေးကို တစိုးတစေ့မျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဆောင်ရွက်နေကြခြင်းသာ ဖြစ်လေတော့သည်။ ။
၂၀၀၇ ခုနှစ် မေလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Burma's Power Play (Editorial) ကို ဆီလျော်အောင် ပြန်ဆိုရေးသားခြင်း ဖြစ်ပါသည်။ [Top] |