#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

တရုတ် လက်ခုပ်တွင်းက မြန်မာပြည်
ဇူလိုင် ၆၊ ၂၀၀၇

မြန်မာနိုင်ငံ၏ စစ်အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲနေသော အမျိုးသားညီလာခံကို ဇူလိုင်လ ၁၈ ရက် နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်းနှင့် ယခုတကြိမ်သည် နောက်ဆုံးဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤသို့ ဆိုလျှင် ၁၉၉၃ ခုနှစ်မှစ၍ မပြီးမစီးနိုင် စတင်ခဲ့သော အငြင်းပွားဖွယ် အမျိုးသားညီလာခံကြီးလည်း နိဋ္ဌိတံတော့မည်ဟု ယူဆဖွယ် ဖြစ်လာပါသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူအများက ယူဆကြသည်မှာ စစ်အစိုးရက နောက်ဆုံး ဤသို့ဆုံးဖြတ်လာစေရန်အတွက် တရုတ်နိုင်ငံက ဖိအားပေးခဲ့သည်ဟု မြင်ကြပါသည်။ လွန်ခဲ့သောနှစ်များ အတွင်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ သြဇာက တဖြည်းဖြည်းချင်း တိုးလာနေခဲ့သည်လည်း မဟုတ်ပါလော။

အမေရိကန်နှင့် တခြားအနောက်နိုင်ငံများနှင့်မတူ တရုတ်ခေါင်းဆောင်များက သူတို့၏သြဇာကို အပျော့ဆွဲဖြင့် တိုးမြှင့်လာ နေခဲ့ကြပါသည်။ ဤသို့ဖြင့် နောက်ဆုံး မြန်မာစစ်ခေါင်းဆောင်များ၏ ပက်ကျိခြေလှမ်းဖြင့် အချိန်ဆွဲနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အဆုံးသတ်စေရန် တွန်းအားပေးခဲ့သည်ဟု ယူဆရပေသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲမှာ ဆယ်စုနှစ်တခုနှင့် တ၀က်ကြာသည့်တိုင် တိုးတက်မှု မရှိဘဲ တန့်နေခဲ့ပါသောကြောင့် ပင်တည်း။

ဤဖြစ်ရပ်သာမက လာမည့်အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ်မည်မျှ မှီခိုနေရမည်ကို ပြသနေသော အချက်များစွာလည်း ကျန်ရှိနေပါသေးသည်။ ထို့ကြောင့် တရုတ်အစိုးရက မြန်မာနိုင်ငံအတွင်း တိုးတက်ရင်းနှီးမြှုပ်နှံရန်နှင့် ထိန်းချုပ်နိုင်ရန် ကြံရွယ်နေသောအချိန်၌ နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် တိုး၍စိုးရိမ်စရာ ဖြစ်လာစေပါ တော့သည်။

အမျိုးသားညီလာခံနှင့် “လမ်းပြမြေပုံ” အဆုံးသတ်၍ အရပ်သားအစိုးရထွက်ပေါ်လာသည့်အခါ တရုတ်ကုမ္ပဏီများက ချက်ချင်းဆိုသလို လာရောက်ရင်းနှီးမြှုပ်နှံကြမည့်အရေးကို မြန်မာစစ်ဗိုလ်ချုပ်များက သတင်းကောင်းအဖြစ်လည်း ထင်မြင်ယူဆ နေနိုင်ပါသည်။

တိုင်းပြည်အတွင်း တည်ငြိမ်မှုရှိ၍ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်ရန်အတွက် ၀န်းကျင်အခြေအနေကောင်းများ တည်ရှိနေသမျှ ကာလပတ်လုံး တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ အစိုးရသစ်၏ခေါင်းဆောင် မည်သူဆိုသည်မှာ အရေးထားစဉ်းစားကြ မည် မဟုတ်ပါ။ တရုတ်နိုင်ငံက ဤအပြောင်းအလဲကို ချက်ချင်းအခွင့်ကောင်းယူ လှုပ်ရှားကြမည်လည်း ဖြစ်ပါသည်။ ဟောင်းအတိတ် က ရန်ပြုကျူးကျော်မှုမျိုး မဟုတ်ဘဲ ငြင်သာစွာချဉ်းကပ်၍ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ကိုင်ကြဦးမည် ဖြစ်ပါသည်။

ဤအခြေအနေတွင် အမျိုးသားညီလာခံ၏ ဥက္ကဋ္ဌနှင့် စစ်ကောင်စီ အတွင်းရေးမှူး (၁) ဖြစ်သူ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဇွန်လ တွင် ဘေဂျင်းသို့သွားလည်၍ တရုတ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။ သူ၏ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၏ အနောက်ဘက် ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် တထောက်နားပြီး မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ တင်ပို့ပေးမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ပြောဆိုခဲ့ပါသည်။ ထိုမျှမက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အနေဖြင့် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများအတွက် ဖက်စပ်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံစလုံးက အတည်ပြု နိုင်ခဲ့ကြပါသည်။

ယူနန်ပြည်နယ်မှ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားသို့ အဝေးပြေးကားလမ်းကို ယခုအခါ စတင်ဖောက်လုပ်နေပြီး ရထားလမ်းအသစ်ကိုလည်း မကြာခင်ဖောက်လုပ်လိမ့်ဦးမည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ယူနန် ပြည်နယ် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၉၁ သန်းရှိခဲ့ပြီး ဤပမာဏတွင် နယ်စပ်ကုန်သွယ်ရေးက ဒေါ်လာ ၅၆၂ သန်း အထိ ပမာဏကြီးစွာ ပါဝင်နေခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံတော်ပိုင်ရေနံကုမ္ပဏီ ၃ ခုဖြစ်ကြသော ဆိုင်နိုပက် (Sinopec)၊ စီအန်ပီစီ (CNPC)၊ စီအန်အိုအိုစီ (CNOOC) တို့ကလည်း မြန်မာနိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းကြီးများ အတွက် ရင်းနှီးမြှုပ်နှံထားနှင့်ကြပြီး ဖြစ်သည်။

မြန်မာနိုင်ငံ စစ်အစိုးရအနေဖြင့် ၁၉၈၈ အာဏာသိမ်းချိန်မှစ၍ တရုတ်နိုင်ငံမှ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှု များ ရရှိနေခဲ့ပါသည်။ တရုတ်နိုင်ငံကလည်း နေပြည်တော်ရှိ စစ်အစိုးရခေါင်းဆောင်များနှင့် “ဆွေမျိုးပေါက် ဖော်” ဆက်ဆံရေးကို ခိုင်ခိုင်မာမာအုတ်မြစ်ချထားနိုင်ခဲ့ပြီး အနောက်နိုင်ငံများနှင့် တိုင်းပြည်ပြင်ပရှိ အတိုက်အခံအင်အားစု များအတွက်မူ စိတ်ပျက်ဖွယ်ရာ ဖြစ်စေခဲ့သည်။ ဤဆက်ဆံရေးချည်နှောင်မှုမှာ ပို၍တိုးတက်ခိုင်မာလာခဲ့ပြီး ၂၀၀၇ တွင် နေပြည်တော်မြို့တော်သစ် စတည်ခဲ့ချိန်မှစ၍ တရုတ်အာဏာပိုင်များက ချစ်ကြည်ရေးခရီး ဥဒဟို ၀င်ထွက်နေခဲ့သည်ကို လည်း မြင်နေခဲ့ကြရပါသည်။ အနောက်နိုင်ငံများက ဖယ်ကျဉ်ခံရသည်နှင့်အမျှ စစ်အစိုးရက တရုတ်နိုင်ငံအပေါ် မိတ်ဆွေ သဖွယ် ပို၍အားထားဖို့အကြောင်း ဖြစ်နေရပါတော့သည်။

ဤသို့ ဖြစ်ပေါ်တိုးတက်နေမှုကို မရှုစိမ့်နိုင်သူများလည်း ရှိနေပါသေးသည်။ တရုတ်နိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံမှ စွမ်းအင် လောင်စာ၊ ကျွန်းသစ်၊ ကျောက်မျက်ရတနာ အစရှိသည့် သဘာဝအရင်းအမြစ်များကို မျက်စိကျနေပြီး နိုင်ငံရေးအရလည်း သြဇာလွှမ်းလိုစိတ် ရှိနေသည့် အိမ်နီးချင်းနိုင်ငံမှာ အိန္ဒိယဟု ဆိုလျှင် မမှားနိုင်ပေ။

အကယ်၍ တရုတ်နိုင်ငံ ကျောထောက်နောက်ခံသာ မရှိပါက မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀န်းအကြား တွင် ရပ်တည်နိုင်ဖွယ် မရှိပါ။ တနည်းဆိုရလျှင် အမေရိကန်နိုင်ငံဦးဆောင်သောနိုင်ငံများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သို့ မြန်မာနိုင်ငံအရေး ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းခဲ့ရာ တရုတ်နိုင်ငံက ဗီတိုသုံးကန့်ကွက်၍ စစ်အစိုးရကို ကူညီပေးခဲ့ သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စကိုလည်း မကြာသေးမီက နှုတ်ဆိတ်နေခဲ့ပါသည်။

အစိုးရ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏အဓိက ကုန်သွယ်ဖက်မှာ ထိုင်းနိုင်ငံပြီးလျှင် တရုတ်နိုင်ငံဖြစ်၍ ၀င်ငွေ အမေရိကန်(ဒေါ်လာ ၁. ၂၇၄ ဘီလီယံ)မျှ တန်ဖိုးရှိနေပါသည်။ ၎င်းတို့၏နောက်တွင် စင်္ကာပူ (ဒေါ်လာ ၁. ၂၁၇ ဘီလီယံ)၊ အိန္ဒိယ (ဒေါ်လာ ၈၉၅ ဘီလီယံ)၊ ဟောင်ကောင် (ဒေါ်လာ ၄၂၄ ဘီလီယံ) တို့က အသီးသီးရှိနေကြပါသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် လူ့အခွင့်အရေးအခြေအနေကို လူကြမ်းလုပ်ဝေဖန်၍ အနောက်အုပ်စုကို ဦးဆောင် ဖိအားပေးနေခဲ့ပါသည်။ နိုင်ငံရေးအရ အမြင်လှသော်လည်း မြန်မာနိုင်ငံတွင် လက်တွေ့ကျသောပြုပြင်ပြောင်းလဲ မှုများ ပေါ်ထွက်လာစေရန် အမှန်တကယ်သြဇာသက်ရောက်မှု မရှိသလောက်ပင် ဖြစ်နေပါသည်။

ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရကို ပြစ်ဒဏ်ခတ်ရန် လျှော်ကန်သည့်နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တဘက် တွင် သံတမန်ရေးတံခါးပေါက်များကို ပိတ်သွားစေခဲ့ပါသည်။ ပို၍ ၀မ်းနည်းဖွယ်ကောင်းသောအချက်မှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံလက်တွင်းသို့ လက်အောက်ခံအဆွယ်အပွားနိုင်ငံတခုအဖြစ် ကျရောက်သွားစေရန် တွန်းပို့နေသည့်နှယ် ရှိနေပါတော့သည်။     ။

၂၀၀၇ ခု ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ China’s Satellite (Editorial)ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.