ကုန်သွယ်ရေး ကိန်းဂဏန်းများ နောက်ကွယ်မှ
ဇူလိုင် ၆၊ ၂၀၀၇
မြန်မာနိုင်ငံကဲ့သို့သော အာဏာရှင်များအုပ်ချုပ်သည့်နိုင်ငံများတွင် လွတ်လပ်စွာပြိုင်ဆိုင်မှုကိုအားပေးသော ဈေးကွက် စနစ်နှင့် ဒီမိုကရေစီသို့ ဦးတည်စေမည့် စီးပွားရေးတံခါးဖွင့်ကျင့်စဉ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းတို့ ဖြစ်မလာ။ ၎င်းအစား အာဏာကို ဗဟိုချက်မတွင် တိုး၍ချုပ်ကိုင်ခြင်းကသာ ပြောင်းပြန်ဖြစ်ပေါ်လာနေသည်။
မြန်မာစစ်အစိုးရက နောက်ဆုံးထုတ်ပြန်လာသည့် ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများကို ကြည့်မည်ဆိုပါလျှင် အချက် အလက်များ ချည်းဖြင့်သာ ကြည့်၍မဖြစ်နိုင်။ အထက်ဖော်ပြပါအခြေခံအချက်ကို ထည့်သွင်းစဉ်းစားကာမှ တော်ရုံကျ လိမ့်မည် ဖြစ်သည်။ ကိန်းဂဏန်းများ သက်သက်ဆိုလျှင် ဆင်းရဲမွဲတေနေသော မြန်မာနိုင်ငံအတွက် စစ်အစိုးရ၏ ကိန်းဂဏန်းများက အထင်ကြီးအံ့သြဖွယ်ရာပင်။
လွန်ခဲ့သောနှစ်တွင် မြန်မာနိုင်ငံက ကုန်သွယ်မှုပိုငွေ ပြခဲ့ပြီး ဤကိန်းဂဏန်းများက ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းချိန် မှစ၍ အမြင့်ဆုံး ဖြစ်နေသည်။ တနိုင်ငံလုံး၏ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံမျှရှိခဲ့ပြီး ပို့ကုန်က သွင်းကုန်ထက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် အပိုဝင်ငွေပြခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများက စီးပွားရေးပိတ်ဆို့ထားသည့် အခြေအနေအောက်မှပင် ဤသို့ အထင်ကြီးအံ့သြဖွယ် ကုန်သွယ်ရေးဆိုင်ရာကိန်းဂဏန်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိသဘာဝအရင်း အမြစ်များကို ထုတ်ယူရန်အသင့်စောင့်ဆိုင်းနေကြသောသူများကို ကျေးဇူးတင်ရတော့မလို။ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့က မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကိုဝယ်ယူရန် အလုအယက် ဖြစ်နေကြသမျှ ကာလပတ်လုံး စစ်အစိုးရအဖို့ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုကို စိုးရိမ်နေစရာ မလိုအပ်ပေ။ နိုင်ငံ၏ကမ်းလွန်ပင်လယ်တွင်လည်း ဤအရင်းအမြစ်များက အလုံအလောက်ရှိနေသည် မဟုတ်ပါလော။
စစ်အစိုးရ ဖော်ပြထားသော ကိန်းဂဏန်းများကို သေချာဆန်းစစ်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့က မြန်မာနိုင်ငံ၏ အများ ဆုံးတင်ပို့ရောင်းချကုန်အဖြစ် နေရာယူထားသည်။ အခြားထိပ်ပြေးနေသော ပို့ကုန်များနေရာတွင် သဘာဝရင်းမြစ်များ ဖြစ်သည့် ကျွန်းသစ်နှင့် ကျောက်မျက်ရတနာများ ရှိနေကြသည်။ ဤသို့တန်ဖိုးရှိလှသော ထွက်ကုန်များကြောင့်လည်း ကမ္ဘာပေါ်တွင် အရက်စက်အကြမ်းကြုတ်ဆုံးဟုဆိုနိုင်သော စစ်အစိုးရ ခေါင်းထောင်နေနိုင်ရခြင်း ဖြစ်သည်။
၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုတခုတည်းကပင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော် ၀င်ငွေရစေခဲ့သည်။
ကိန်းဂဏန်းများက ဤသို့ဖော်ပြနေသော်လည်း မြန်မာ့ စီးပွားရေးအဆောက်အအုံတခုလုံးက တိုးတက်နေပါသလော၊ ပြည်သူများ၏ တဦးချင်းဝင်ငွေ မြင့်တက်လာနေသလော၊ လူနေမှု အဆင့်အတန်းလည်း မြင့်လာပါ၏လော။
၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့စဉ်က စစ်အစိုးရက ဆိုရှယ်လစ်စနစ်ကို ခ၀ါချ၍ တံခါးဖွင့်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးလာ ခဲ့ပြီး ၁၉ နှစ်တာကြာလာသည့်အချိန်တွင် နိုင်ငံ၏စီးပွားရေးကဏ္ဍအားလုံးကို လက်တဆုပ်စာ အုပ်ချုပ်သူ လူနည်းစုနှင့် ၎င်းတို့၏ မိသားစု အသိုင်းအ၀န်းများကသာ ချယ်လှယ်လွှမ်းမိုးထားသည်ကို တွေ့ကြရတော့သည်။
အစိုးရက ထုတ်ပြန်သောကိန်းဂဏန်းများအရ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက ထိပ်တန်းပို့ကုန်တင်ပို့သူများ၏ ထိပ်ပိုင်း ၄ နေရာကို ယူထားကြပြီး ပဉ္စမမြောက် ပို့ကုန်တင်ပို့နေသူကလည်း ဦးတေဇပိုင်သော ထူး ထရိတ်ဒင်းကုမ္ပဏီ လီမိတက် ဖြစ်နေပါသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးအောင်မြင်ဖို့ဆိုလျှင် ထိပ်တန်းခေါင်းဆောင်များနှင့် ရင်းနှီးဆက်စပ်ထားဖို့လိုသည်။ သို့မှသာ ဥပဒေစည်းမျဉ်းများကို ကျော်လွှားလုပ်ပိုင်ခွင့်ရှိသည်။ သို့အတွက်ကြောင့်လည်း ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒနှင့် မိမိဆွေမျိုးနီးစပ်ရာကိုသာ အလေးပေးသောဝါဒက လွှမ်းမိုးကျယ်ပြန့်လာနေခြင်း ဖြစ်သည်။
ဤသို့ ဓနဥစ္စာများကို ရသမျှ အိပ်ထဲထည့်နေကြသည်သာမက တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်ကြီးများက
ဤ၀င်ငွေများကို မည်သို့မည်ပုံ အသုံးပြုနေကြသနည်းဟု ကြည့်ရန်လည်း လိုအပ်သေးသည်။ အဖြေတွေ့ရန်လည်း
မဝေးလှပါ။
တိုင်းပြည်၏ လူမှုရေးအဆောက်အအုံ လျစ်လျှူရှု ခံရ၍ ဆုတ်ယုတ်ကျဆင်းလာနေချိန်တွင် စစ်အစိုးရက “ခေတ်မီ တပ်မတော် ကြီး” တည်ဆောက်၍ အလုပ်များနေခဲ့ပါသည်။ တိုက်လေယာဉ်များ၊ တင့်ကားများ၊ ကင်းလှည့် ရေယာဉ်များ၊ လေယာဉ် ပစ်ဒုံးများ၊ လက်နက်ကြီးများ ၀ယ်သည်။ အပြိုင်အဆိုင် လက်နက်တင်ပို့ရောင်းချချင်နေကြသော နိုင်ငံများ ဖြစ်သည့် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီးယားနိုင်ငံများထံမှ ရသမျှကို ၀ယ်ယူနေခဲ့ပါသည်။
၁၉၉၀ မှ ၁၉၉၅ ခုနှစ်အတွင်း နှစ်စဉ်ဆိုသလို စစ်အစိုးရက ကာကွယ်ရေးအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် သုံးစွဲနေခဲ့ကြောင်း ကာကွယ်ရေးဆိုင်ရာလေ့လာသုံးသပ်သူ အင်ဒရူး ဆဲလ်သ် (Andrew Selth) က ၎င်း၏ ၂၀၀၂ ခုနှစ်တွင် ထုတ်ဝေသည့် မြန်မာနိုင်ငံတပ်မတော်အကြောင်း (Burma’s Armed Forces) စာအုပ်တွင် ဖော်ပြခဲ့ဖူးပါ သည်။ ဤပမာဏမှာ တိုင်းပြည်ရသုံးငွေ စုစုပေါင်း၏ ၈၈% ရှိနေပါသည်။ ၁၉၉၅ ခုနှစ်တွင် ဤကိန်းဂဏန်းမှာ အမေရိကန် ဒေါ်လာ ၁. ၈ ဘီလီယံအထိပင် တိုးတက်ခဲ့ပါသေးသည်။ နောက်ပိုင်းကာလအတွက် ကိန်းဂဏန်းများကို ရရှိနိုင်ခြင်း မရှိပါ။
စစ်အစိုးရက စစ်လက်နက်ပစ္စည်းများအတွက် ဘီလီယံနှင့်ချီ၍ အကုန်ကျခံသုံးစွဲနေချိန်၌ လူထုကျန်းမာရေး အသုံးစရိတ်မှာ နှစ်ပြားတပဲသာ ဖြစ်သည်။ တိုင်းပြည်အမျိုးသားထွက်ကုန်တန်ဖိုး ပမာဏ၏ ၀. ၅% အထိ ကျဆင်း လာခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ (UNDP) ၏ ၂၀၀၆ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားခဲ့ပါသည်။ ပညာရေး ကဏ္ဍသည်လည်း အလားတူဆုတ်ယုတ်လာ နေခဲ့ပါသည်။ ကျောင်းသား မိဘအများစုမှာ ၎င်းတို့၏ကလေးများကို ကျောင်းမထားနိုင် တော့သည့် အခြေအနေတိုင် ဆိုက်ရောက်နေရပါသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ အတွေ့အကြုံအရဆိုလျှင် စီးပွားရေးနှင့်လူနေမှုဘ၀ ဖြစ်ပေါ်တိုးတက်မှုများ ဆောင်ကျဉ်း ပေးနိုင်သော အခြေအနေ၌ နိုင်ငံရေးအရ ဗဟိုဦးစီးချုပ်ကိုင်မှုသည်လည်း အလုပ်ဖြစ်နိုင်ကြောင်း ပြသနေ ပါသည်။ သို့သော်လည်း မြန်မာစစ်အာဏာပိုင်များက ဤကဏ္ဍအားလုံးကို စစ်ဦးစီး စနစ်ဖြင့် တင်းကျပ်စွာ ချုပ်ကိုင်ထားကာ တိုင်းပြည်ကို ကပ်ဆိုက်စေရုံသာ ဖြစ်စေခဲ့သည်။
မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် အလွန်အကျွံသုံးစွဲနေမှုကို လျှော့ချပြီး လူထုကျန်းမာရေး၊ ပညာရေးအသုံးစရိတ်များအတွက် စနစ်တကျပြန်လည်ခွဲဝေ သတ်မှတ်သုံးစွဲရန် လိုအပ်နေပါသည်။ စီးပွားရေးကဏ္ဍတွင် လည်း လူအများအကျိုးစီးပွားအတွက် ဗဟိုချုပ်ကိုင်မှုကိုလျှော့ချ၍ တင်းကျပ်မှုများဖြေပေးကာ လွတ်လပ်သောဈေးကွက် ဖြစ်ပေါ်လာစေရေး ရေခံမြေခံကောင်းများ ဖန်တီးရန် လိုအပ်နေပါသည်။ သို့မှသာ မြန်မာနိုင်ငံအနေဖြင့် ဘက်စုံ တိုးတက် နေကြောင်း စစ်အစိုးရ၏အပြောကို လူအများ ယုံကြည်လက်ခံနိုင်ကြလိမ့်မည် ဖြစ်ပေသည်။ ။
၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Bright Trade Figures Hide a Dark Truth (Editorial)ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ |