#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

ဒုတိယလွတ်လပ်ရေးတိုက်ပွဲ

ဗြိတိသျှကိုလိုနီ၏ လက်အောက်မှ လွတ်မြောက်ခြင်းအထိမ်းအမှတ်အဖြစ် မြန်မာ့လွတ်လပ်ရေးနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၅၉ နှစ်ပြည့်မြောက်ပြီ။ ယင်းကဲ့သို့ လွတ်လပ်ရေးရရှိခဲ့ခြင်းအတွက် မြန်မာနိုင်ငံသားတို့အနေနှင့် မည်သည့် အကျိုးစီးပွားများ ရရှိခဲ့သနည်း။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး ဘာသာရေး လူမှုရေး ပညာရေး ကျန်းမာရေးတွင် အဘယ်မျှ တိုးတက် ဖွံ့ဖြိုးခဲ့ပြီနည်း။ 

မေးသင့်မေးထိုက်သော မေးခွန်းဖြစ်ပါသည်။သို့သော် အဖြေများကား ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသည်။
လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းကာလတွင် စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင် စနစ်ကို ကျင့်သုံးခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

ဒီမိုကရေစီစနစ်ကို တည်ထောင်ရေး အတွက် ၁၉၉၀ ခုနှစ်တွင် ပြည်သူလူထုက ရွေးချယ်ထားသည့် ကိုယ်စားလှယ်များမှာ စစ်အစိုးရ၏ အချုပ်အနှောင်အောက်တွင် လှုပ်မရရှားမရ ဖြစ်နေခဲ့သည်။ စစ်အစိုးရက စစ်တပ်ကြီးစိုးရေးအခြေခံဥပဒေကို ရေးဆွဲနေသည်မှာ ယခုထက်တိုင် မပြီးနိုင်သေး။ ယင်းအခြေခံဥပဒေ အတည်ဖြစ်သွားလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် စုန်းစုန်းမြုပ်သွားလိမ့်မည်။ အာဏာကို တရားမဝင် လုယက်ယူငင်ထားသည့် စစ်တပ်သည် အာဏာကို တရားဝင်ရရှိ သွားတော့မည် ဖြစ်ရာ လက်မရွံ့အာဏာသားကို တရားသူကြီးခန့်လိုက်သကဲ့သို့ ဖြစ်သွားပေတော့မည်။

နိုင်ငံရေးက ချွတ်ခြုံကျနေကြောင့် နိုင်ငံရေး၏ လက်အောက်ခံများဖြစ်ကြသော အခြားအရေး ကိစ္စများ မှာလည်း တရကြမ်း ထိုးဆင်းဆုတ်ယုတ်နေခဲ့သည်။ စိုက်ပျိုးရေးကို အခြေခံ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို တည်ဆောက် မည်ဟု အသံကုန်ကြွေးကြော်နေသည့် ၁၉ နှစ်တာကာလအတွင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းခေါင်ခိုက်လာသကဲ့သို့ စက်မှုဖွံ့ဖြိုးရေး၏ အသက်ဖြစ်သော လျှပ်စစ်မီး ကလည်း လာတချက် မလာတချက် ဖြစ်နေခဲ့သည်။ လာဘ်ပေးလာဘ်ယူမှု များမှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ကျော်လွန်ပြီး ပညာရေးနှင့် ဘာသာရေးနယ်အတွင်းသို့် ချဉ်းနင်းဝင်ရောက် စိုးမိုးနေခဲ့ပြီ။

လွတ်လပ်ရေးကို ရရှိခဲ့ပါလျက် အစစအရာရာ အောက်တန်းနောက်တန်းကျနေရသည့်အဖြစ်ကို ကြည့်လျှင် နားမလည် စရာဖြစ်နေတတ်သည်။ သို့သော် မြန်မာနိုင်ငံသည် ကိုလိုနီစနစ်အောက်မှ လွတ်မြောက်ခဲ့သော် လည်း စစ်အာဏာရှင် စနစ်လက်အောက်သို့ ကျရောက်နေရသည့် အဖြစ်ကို သိမြင်နေသူတို့ အတွက်ကား လက်ရှိအခြေအနေကို နားမလည် စရာမရှိ။ အာဏာရှင်စနစ်ကား ကိုလိုနီစနစ်ထက် အဆများစွာ ပိုမိုဆိုးဝါးသည် မဟုတ်ပါလား။

တချို့ကတော့ မြန်မာနိုင်ငံ၏လက်ရှိအနေအထားကို ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲကာလအဖြစ် သတ်မှတ်ထားကြ သည်။ ပထမတိုက်ပွဲက ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး။ ယခုတိုက်ပွဲက အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး။ ထို့ပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရန်အတွက် တိုက်ပွဲလည်း ဖြစ်သည်။
 
ပထမလွတ်လပ်ရေးတိုက်ပွဲထက် ယခုဆင်နွှဲနေရသော ဒုတိယ လွတ်လပ်ရေးတိုက်ပွဲက ပိုမိုခက်ခဲ ကြမ်းတမ်းသည်ကား အမှန်ပင်။ တိုက်ပွဲခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကာလကြာရှည် ဖမ်းဆီးထားခြင်းက ဤအချက်ကို ထင်ရှားစေသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်ခွန်းတခုတွင်  “ ဒါပေမယ့် (လွတ်လပ်ရေးကို) ပြန်ရဖို့ ကြိုးစားမယ် ဆိုရင်တော့ အသက်သွေးချွေးအမြောက်အများကို ရင်းနှီးပေးဆပ်ပြီးမှ ပြန်ရတတ်တာမျိုး ဖြစ်တယ်” ဟု ထည့်သွင်း ပြောကြားခဲ့ရာ အလွန်စဉ်းစားဖွယ်ကောင်းလှသည်။

ဗိုလ်ချုပ်မှူးကြီးက ကိုလိုနီအပြုခံရမည့်အန္တရာယ်ကို သတိပေးပြောကြားခြင်း ဖြစ်နိုင်သော်လည်း လက်တွေ့အရှိတရားအရ ပြည်သူတို့အား ကျွန်ပြုနေသည်မှာ စစ်အစိုးရသာ ဖြစ်ရာ စစ်အစိုးရဘက်က ခြိမ်းခြောက်သတိပေးချက်လည်း ဖြစ်နိုင်သည်။

မြန်မာနိုင်ငံသားတို့ကား ဗြိတိသျှကိုလိုနီတို့ထံမှ လွတ်လပ်ရေးကို ရခဲ့သည်။ ယင်းလွတ်လပ်ရေးမှာ  စစ်အာဏာရှင်တို့ လက်အောက်တွင် ပြန်လည်ဆုံးရှုံးသွားခဲ့သည်။ ပြန်လည်ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်ရဖို့အတွက် ပြည်သူတို့ အနေနှင့် အသက်သွေးချွေး မြောက်များစွာကို ပေးဆပ်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးက သတိပေးခြိမ်းခြောက်နေသည်လား။

မည်သို့ဖြစ်စေ ပထမလွတ်လပ်ရေးတိုက်ပွဲ၏ အသီးအပွင့်ဖြစ်သော ၅၉ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေး ရလိုသော စိတ်ဓာတ်များကို တိုးမြှင့်ပြီး ဒုတိယလွတ်လပ်ရေးတိုက်ပွဲကို အားကြိုးမာန်တက် ဆက်လက်ဆင်နွှဲကြရန် သန္နိဌာန်ချကြရမည်သာ ဖြစ်သည်။     ။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.