#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

အမှန်တရားကို ပြောရဲတဲ့ သတ္တိ

မြန်မာ့အရေးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဧရာဝတီက ရေးသားခဲ့တာ ၁၅ နှစ်ထဲ ရောက်ပါပြီ။ ဒီလို ၁၅ နှစ်တာ ရေးသားခဲ့တဲ့ အတွေ့အကြုံအရ အမှန်တရားကို ဖော်ထုတ်တဲ့နေရာနဲ့ ဝေဖန်ရေးဆောင်းပါးတွေ ရေးတဲ့နေရာမှာ သတ္တိရှိဖို့ အလွန်အရေးကြီးကြောင်း သိမြင်ခဲ့ပါတယ်။

သတ္တိဆိုတာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုရာမှာ အခက်အခဲရှိနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ပြောတဲ့ သတ္တိဆိုတာက သူရဲကောင်းဆန်ဆန်ရဲဝံ့တာမျိုး မဟုတ်ပါဘူး။ ကြောက်စိတ်ကင်းမဲ့တာကို ပြောလိုတာပါ။

သတင်းဌာနတခုမှာ စကားပြောခွက်တွေ တယ်လီဖုန်းတွေ ကွန်ပျူတာတွေ သတင်းရေးတဲ့ အတတ်ပညာတွေသာ လိုအပ်တာ မဟုတ်ပါဘူး။ သတ္တိရှိဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။ အာဏာရှိသူတွေ ကောက်ကျစ်သူတွေ နိုင်ငံရေး သမားတွေ အာဏာရှင်တွေကို စိန်ခေါ်ရဲတဲ့၊ မဟုတ်မတရား စီးပွားရှာနေတာတွေ ကြောင်သူတော်ယောင်ဆောင်နေ တာတွေကို ဖော်ထုတ်ရဲတဲ့ စိတ်ဓာတ်စွမ်းအားဟာ သတ္တိပါပဲ။ ဘေးရန်အန္တရာယ်တွေဝိုင်းနေတဲ့ သတင်းလုပ်ငန်းမှာ သတ္တိဟာ တကယ်အသုံးတည့်လှတဲ့ အရာတခုပါ။

နယူးယောက်အခြေစိုက် Committee to Protect Journalists အဖွဲ့ရဲ့အဆိုအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံး နိုင်ငံတွေထဲ အပါအဝင်ဖြစ်နေဆဲပါ။ စစ်အစိုးရဟာ သတင်းထောက်တွေဆီ သတင်းပေးတဲ့သူတွေကို ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။ ဒါပေမယ့် မြန်မာပြည်သူအများစုဟာ အာဏာပိုင်တွေကို အာခံပြီး နိုင်ငံရပ်ခြားက သတင်းဌာနတွေ အသံလွှင့်ဌာနတွေကို သတင်းပေးနေတယ်။ မတရားမှုတွေကို ဖော်ထုတ်ရမယ်လို့ သူတို့ သိကြပါတယ်။

မြန်မာပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့ သတင်းမီဒီယာဌာနတွေအတွက်တော့ တကယ့်အန္တရာယ်တွေ ဝိုင်းနေဆဲပါ။ သတင်းအချက်အလက်တွေ ထုတ်ပြန်ဖို့အရေး ဆုံးဖြတ်ချက်ချရာမှာ တဦးချင်းဆီမှာသာမက သတင်းအဖွဲ့အစည်းတွေမှာပါ သတ္တိရှိဖို့ လိုအပ်ပါတယ်။ အခုဆိုရင် မြန်မာ့အကျဉ်းထောင်တွေအတွင်း သတင်းစာဆရာပေါင်း ၁၂ ယောက်လောက် ရောက်နေပြီ။

မြန်မာနိုင်ငံတွင်းက မြန်မာသတင်းသမားတွေ အခက်အခဲကြုံနေရတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း နိုင်ငံပြင်ပမှာ မြန်မာသတင်းဌာနတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအထဲမှာ ဧရာဝတီလည်း ပါပါတယ်။

ဒီသတင်းဌာနတွေ တည်ရှိတဲ့ နိုင်ငံများမှာ သတင်းလွတ်လပ်ခွင့်ရှိတဲ့အတွက်  ဒီသတင်းဌာနတွေဟာ စစ်အစိုးရရဲ့ ရက်စက် မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပြောဆိုနိုင်ခဲ့ပါတယ်။ ဒီသတင်း ဌာနတွေအနေနဲ့  နာမည်ဆိုးလွန်းလှတဲ့ မြန်မာ့စာပေစိစစ်ရေးကို တင်ပြစရာမလိုဘဲ သတင်းမှန်သမျှကို လွတ်လွတ်လပ်လပ် ရေးသားထုတ်လွှင့်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားသတင်းဌာနတခုအဖြစ် ရပ်တည်ဖို့ဆိုတာလည်း လွယ်ကူလှတာတော့ မဟုတ်ပါဘူး။

အပြုသဘောဆက်ဆံရေးဆိုတဲ့ မူဝါဒရဲ့အောက်မှာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဟာ စစ်အစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေ ကြပါတယ်။ စစ်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကြောင့် အိမ်နီးချင်းနိုင်ငံများက အာဏာပိုင်တွေဟာ “လုံခြုံရေးကို အကြောင်း ပြပြီး” သတင်းဌာနတချို့ကို ပိတ်ခိုင်းခဲ့ပါတယ်။ တချို့သတင်းဌာနတွေဆီကိုလည်း “အလည်အပတ်လာတတ်” ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ ဧရာဝတီကတော့ ဒီတိုင်းပြည်တွေနဲ့ မြန်မာစစ်အစိုးရကြားက ဆက်ဆံရေးတွေ၊ လက်ဝါးရိုက်ပြီး လုပ်နေတဲ့ လူမသိသူမသိ လုပ်ငန်းတွေအကြောင်းကို ဖော်ထုတ်တင်ပြမြဲ တင်ပြနေခဲ့ပါတယ်။ ဒီတိုင်းပြည်တွေထဲမှာ ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ တခြားအရှေ့တောင်အာရှနိုင်ငံတွေ ပါဝင်ပါတယ်။

စစ်အစိုးရ ကျေနပ်အောင်လုပ်ဖို့နဲ့ စီးပွားရေးတွဲလုပ်ဖို့ ငမ်းငမ်းတက်နေကြတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ စစ်ဗိုလ်ချုပ်တွေကြားက မေးခွန်းထုတ်စရာကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးကျွမ်းဝင်မှုတွေအကြောင်း ဆောင်းပါးတွေ သတင်းတွေ အယ်ဒီတာ့အာဘော်တွေကို ကျနော်တို့ ရေးသားဖော်ပြနေဆဲပါ။

ဒါပေမယ့် စစ်အစိုးရနဲ့ အိမ်နီးချင်းနိုင်ငံတွေ အကြောင်းလောက်ကိုပဲ ရေးသားတင်ပြခဲ့တာ မဟုတ်ပါဘူး။ “မြန်မာ့အရေး လှုပ်ရှားမှုတွေ”နဲ့ ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်နေကြသူလည်း ရှိပါသေးတယ်။ ဆက်လက်ဖြစ်ပွားနေဆဲ နိုင်ငံရေး၊ လူမျိုးစုရေး ပဋိပက္ခတွေအကြောင်း၊ ပြည်တွင်းပြည်ပက မြန်မာ့ အတိုက်အခံတွေအကြောင်းတွေကိုလည်း ကျနော်တို့ အလေးပေးရေးသားတင်ပြခဲ့ပါတယ်။

အတိုက်အခံအဖွဲ့အစည်းတွေရဲ့ ချို့ယွင်းချက်တွေ တာဝန်ခံမှုတွေ စွမ်းဆောင်နိုင်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ဆောင်းပါး တွေနဲ့ အယ်ဒီတာ့အာဘော်တွေကိုလည်း ကျနော်တို့ ရေးသားခဲ့ပါတယ်။ မြန်မာ့အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေ၊ အစိုးရကို စည်းရုံးနေတဲ့အဖွဲ့တွေရဲ့ စွမ်းဆောင်နိုင်မှုတွေ ငွေကြေးထောက်ပံ့နေတဲ့ အဖွဲ့တွေအကြားဆက်ဆံရေးတွေ (ဧရာဝတီဟာ ငွေကြေးထောက်ပံ့မှုကို နိုင်ငံတကာအဖွဲ့တွေဆီက ရရှိနေတာဖြစ်ပါတယ်) နိုင်ငံခြားရောက်အဖွဲ့တွေ နယ်စပ်ဒေသ တလျောက်က လက်နက်ကိုင် အဖွဲ့အစည်းတွေအကြောင်း စုံစမ်းရေးသားခဲ့ပါတယ်။

ဒီလိုရေးသားတင်ပြချက်တွေဟာ ဒီမိုကရေစီလှုပ်ရှားမှုကို နှောက်ယှက်ဖို့၊ အပုပ်ချဖို့ မဟုတ်ပါဘူး။ သင့်မြတ်ကောင်းမွန်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုန်မှုမျိုးကို ဖန်တီးဖို့သာ ဖြစ်ပါတယ်။ ကွဲပြားခြင်းကို သည်းခံတတ်တဲ့ ဓလေ့မျိုး ပြန်လည် ထွန်းကားလာဖို့ ဖြစ်ပါတယ်။ အပြုသဘောဝေဖန်ရေးကို ဖန်တီးခြင်းသာ ဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုဘက်က ထောက်ခံအားပေးသူတွေကို ရန်ပြုတာ မဟုတ်သလို ဝေဖန်ထိုးနှက်တာလည်း မဟုတ်ပါဘူး။ အမှန်တရားကို တူးဖော် တင်ပြဖို့က ကျနော်တို့ အလုပ်ဖြစ်ပါတယ်။ ဒီအမှန်တရားတွေအထဲမှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်တဲ့ အမှန်တရား တွေလည်း ပါဝင်ပါတယ်။

ဒီ့ထက်ပိုပြီး ဖော်ထုတ်ရေးသားခဲ့တာတွေ ရှိပါတယ်။ ထိုင်းနယ်စပ်တလျောက်က သူပုန်အုပ်စုတွေက ကိုယ့်အတွင်းလူ တချို့ကို သတင်းပေးတွေဆိုပြီး ဥပဒေမဲ့သတ်ပစ်ခဲ့တဲ့အကြောင်းတွေ၊ အချင်းချင်းကွဲပြဲကြတာတွေ၊ သူတို့စွမ်းဆောင် ရည်တွေ၊ စည်းလုံးမှုမရှိတာတွေ၊ စစ်အစိုးရနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်တဲ့ကိစ္စတွေ စသဖြင့် ကျနော်တို့ ဖော်ထုတ်ရေးသား ခဲ့ပါတယ်။ ပုံစံပြရမယ်ဆိုရင် ကရင်ခွဲထွက်အုပ်စုတစုက စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူဖို့လုပ်တဲ့အကြောင်း ကို စာဖတ်သူများ သိစေချင်တဲ့အတွက် ကျနော်တို့က ရှုထောင့်အသစ်ကနေ တင်ပြရေးသားခဲ့ရာမှာ သူပုန်တွေနဲ့ သူတို့လိုလားသူများရဲ့ ခြိမ်းခြောက်မှုကို ကျနော်တို့ ခံခဲ့ရပါတယ်။

ကျနော်တို့ရဲ့ သတင်းထောက်တွေဟာ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တာကို အကြိမ်များစွာ ဆက်တိုက်ခံနေခဲ့ရပါတယ်။ ပဋိပက္ခထဲမှာပါနေတဲ့ အုပ်စုတွေအကြောင်း သတင်းပို့တဲ့ လူမျိုးစုသတင်းထောက်တွေဟာ မျိုးချစ်စိတ်မရှိတဲ့သူတွေ ကျေးဇူးကန်းတဲ့သူတွေလို့ စွပ်စွဲတာ ခံနေရပါတယ်။

ကျနော်တို့ ဒီ့ထက်မက ရေးသားခဲ့ပါသေးတယ်။ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်အောင်လုပ်ပြီး စီးပွားရှာခဲ့ကြတဲ့ မူးယစ်ရာဇာ တွေ စီးပွားရေးသမားကြီးတွေအကြောင်းကို အခြိမ်းခြောက်ခံရတဲ့ကြားကပဲ ကျနော်တို့ ရေးသားခဲ့ပါတယ်။ စစ်အစိုးရနဲ့ အလွမ်းသင့်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာ အကြောင်းလည်း ရေးသားခဲ့ပါတယ်။ စစ်အစိုးရရဲ့ ရပ်တည်ချက်ကို မျက်နှာပြောင်တိုက် ရှေ့နေလိုက်ပေးပြီး တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေတဲ့ အတိုက်အခံတွေကို အပြစ်တင်နေတဲ့ သူတွေ၊ နိုင်ငံခြားသားပညာရှင် ဆိုသူတွေကိုလည်း ကျနော်တို့ ရေးသားခဲ့ပါတယ်။ အဲဒီအထဲမှာ ကုလသမဂ္ဂက ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက သူတွေလည်း ပါဝင်ပါတယ်။

ဒီလိုအငြင်းပွားစရာကောင်းတဲ့ အကြောင်းအရာတွေကို ရေးတဲ့အတွက် ရန်သူတွေရော မိတ်ဆွေတွေပါ ကျနော်တို့ ရှိခဲ့တယ်။

ထင်ရှားတဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေ အဲဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတွေအကြောင်း ဝေဖန်ရေးသားတဲ့အခါ သဘောကွဲပြားသူတွေဆီက ကက်ကက်လန် ရန်တွေ့တာမျိုးတွေ ပေါ်လာမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ မြန်မာနိုင်ငံကြီး လွတ်လပ်သွားတဲ့အတွက် အထဲကိုပြန်ပြီး ဒီလို ဝေဖန်တဲ့ဆောင်းပါးမျိုးကို ရေးမယ်ဆိုရင် ထောင်ဒဏ်ကျခံရနိုင်တယ်လို့ ကျနော်တို့ ပြက်လုံးထုတ်မိပါတယ်။

ထောင်ထဲပဲရောက်ရောက်၊ ထောင်နံရံအပြင်ဘက်မှာပဲ ခြိမ်းခြောက်တာတွေခံရခံရ ကျနော်တို့ကတော့ ကိုယ့်လုပ်ဆောင် ရမယ့် ဝတ္တရားနဲ့ အလုပ်ကို သတ္တိရှိရှိဆက်လုပ်သွားမှာဖြစ်ပါတယ်။     ။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.