#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

ပွင့်လင်းသော လူ့အဖွဲ့အစည်း၊ သန့်ရှင်းသောအစိုးရ

လတ်တလောကာလအတွင်း မြန်မာစစ်အစိုးရက သန့်ရှင်းသောအစိုးရဟူသည့် စကားလုံးကို တွင်တွင်သုံးစွဲနေသည်မှာ စိတ်ဝင်စားစရာကောင်းသည်။ ၈၈ ဒီမိုကရေစီအရေးတော်ပုံကို ရက်ရက်စက်စက် နှိမ်နင်းချေမှုန်းပြီး အာဏာကိုရယူခဲ့သည့် စစ်အစိုးရဖြစ်နေသောကြောင့် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသလို မေးခွန်းထုတ်စရာလည်း ဖြစ်နေသည်။ သွေးစွန်း ခဲ့သောလက်တို့ဖြင့် သန့်ရှင်းသောအလုပ်ကို လုပ်နိုင်ပါမည်လား။

သန့်ရှင်းသောအစိုးရဟူသည့် စကားကိုပြောနေသည့် တချိန်တည်းမှာပင် အကျင့်ပျက်ခြစားမှုတချို့ကို ဖော်ထုတ်အရေးယူ ခြင်းများတော့ ရှိနေသည်။ အကောက်ခွန်ဝန်ထမ်းပေါင်း ငါးရာကျော်ကို အရေးယူခြင်းမျိုး။ စင်စစ် အကောက်ခွန်ဝန်ထမ်း များ လာဘ်စားမှုမှာ စစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့တွင် ရေမျက်နှာပြင်ပေါ်က ရေခဲတုံး အစွန်းကလေးမျှသာ ဖြစ်သည်။ ရေအောက်မှာက ဧရာမ ရေခဲတောင်ကြီးရှိနေသည်။

တဆက်တည်းမှာပင် အစိုးရဌာနဆိုင်ရာတို့နှင့် ပတ်သက်၍ မကျေနပ်သည်များကို တိုင်ကြားနိုင်သည်ဟူသော ကြေညာ ချက်မျိုးကိုလည်း သတင်းစာများတွင် တွေ့လာရသည်။ သို့သော် မကြာမီပင် အာဏာပိုင်များက တိုင်ကြားချက်ကို အရေးမယူဘဲ တိုင်ကြားသူကို ပြန်ဒုက္ခပေးသည်များ ကြားလာရသည်။ သို့ဖြင့် တိုင်ကြားမှုများ ရှိသင့်သလောက် မရှိခဲ့။ တိတ်တိတ်နေထောင်တန် ဟူသော စကားပုံကို ပြည်သူလူထုက လက်မလွှတ်နိုင်သေး။

ညစ်ထေးသူက အတိုင်ခံရမည်ကို ကြောက်သည်။ တိုင်ကြားမည့်သူက ဒုက္ခပေးခံရမည်ကို ကြောက်သည်။ အကြောက် သံသရာလည်ရင်း ညစ်ထေးမှုက ဆပွားလာသည်။ ကြောက်စိတ်က အမုန်းတရားကို ဖန်တီးပြီး အမုန်းတရားမှတဆင့် အပြစ်တွေကို ကျူးလွန်လာခြင်းဖြစ်သည်။ မပွင့်လင်းသော အမှောင်ရိပ်အောက်တွင် အညစ်အထေးများသည်လည်း မှိန်ပျောက်နေပေမည်။

တာဝန်ရှိသူမှာ သန့်ရှင်းသောအစိုးရဟူသော စကားလုံးကို သုံးနေသည့် ထိပ်ပိုင်းကသူများသာ ဖြစ်သည်။ တကယ်ပဲ သန့်ရှင်းလိုသည်ဆိုလျှင် အပြစ်ဖော်ထုတ် တိုင်ကြားသူများကို ကြိုဆိုရမည်။ တိုင်ကြားသူများအား အကာအကွယ်ပေးရမည်။ တိုင်ကြားမှုကို အားပေးရမည်။ တိုင်ကြားသူများအပေါ် ခြိမ်းခြောက်ဒုက္ခပေးနေခြင်းမျိုးကို ပြန်လည် အရေးယူရမည်။ တနည်းပြောရသော် ပွင့်လင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးရင်း သန့်ရှင်းသောအစိုးရကို တည်ဆောက်ရမည် ဖြစ်သည်။

ဤသို့သောအခြေအနေတွင် အစိုးရနှင့် ပြည်သူကြား ပွင့်လင်းမှုရှိရေးအတွက် ကူညီဆောင်ရွက်ပေးသည့် ရင်ဖွင့်စာ လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းမှာ မြန်မာ့နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အားတက်ဖွယ် ဖြစ်သည်။

ပြည်သူများအနေနှင့် မိမိတို့ တွေ့ကြုံခံစားနေရသည့် အခက်အခဲ အကျပ်အတည်းများကို ရဲရဲတင်းတင်း ဖွင့်ထုတ်ဝေဖန် နိုင်ဖို့အတွက် အားပေးကူညီမှုများ လိုအပ်သည်။ အစိုးရအနေနှင့်လည်း မိမိတို့ပြုပြင်ရန် လိုအပ်သည့် အကျင့်ပျက်ခြစား မှုများနှင့် စီမံခန့်ခွဲမှုအမှားများအတွက် ပြည်သူတို့၏ ထောက်ပြဝေဖန်မှုကို လိုအပ်သည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့သည် ယင်းလိုအပ်ချက်တို့ကို ကူညီဖြည့်ဆည်းပေးခြင်းဖြစ်ရာ ၎င်းတို့၏ ရင်ဖွင့်စာလှုပ်ရှား မှုသည် နတ်လူသာဓုခေါ်ရမည့် လုပ်ရပ်ဖြစ်သည်။ ရင်ဖွင့်သံလှုပ်ရှားမှုတွင် မြန်မာပြည်သူုတရပ်လုံးနှင့် အာဏာပိုင်အဖွဲ့များ ပူးပေါင်းပါဝင်ပါက ပွင့်လင်းသောလူ့အဖွဲ့အစည်းနှင့်အတူ သန့်ရှင်းသောအစိုးရအဖွဲ့လည်း မနှေးအမြန် ပေါ်ပေါက်လာမည် ဖြစ်ပါသည်။     ။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.