#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်သရွေ့ လူထုမငြိမ်သက်မှုများ ဆက်ဖြစ်နေဦးမည်
သြဂုတ် ၂၄၊ ၂၀၀၇

ဦးနေ၀င်းဦးဆောင်သည့် ဆိုရှယ်လစ်အစိုးရကို နိဂုံးချုပ်စေခဲ့သော ဖြစ်ရပ်များအပြီး နှစ် (၂၀) အကြာ၌ မြန်မာနိုင်ငံသမိုင်း က တပတ်ပြန်ကျော့လာခဲ့သည်။ ယခင် အာဏာရှင်အစိုးရ ပြုတ်ကျစေလောက်အောင် ဖြစ်စေခဲ့သည့် အမှားမျိုးကို လက်ရှိ စစ်အစိုးရကလည်း အလားတူထပ်မံပြုခဲ့ပြန်သည်။ လက်ရှိစစ်အစိုးရသည် နေပြည်တော်မြို့တော်သစ်မှနေ၍ မြန်မာပြည်သူ များအပေါ် သက်ရောက်လာမည့် ဆိုးကျိုးများကို ဂရုမစိုက်ဘဲ အမိန့်ညွှန်ကြားချက်များ ထုတ်ဆင့်နေလျှက် ရှိပြန်သည်။

၁၉၈၇ ခုနှစ် စက်တင်ဘာလတွင် ဆိုရှယ်လစ်အစိုးရဟောင်းက အမျှော်အမြင်ကင်းမဲ့စွာ တိုင်းပြည်အတွင်း သုံးစွဲနေသော ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန်ငွေစက္ကူများကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ဤအတွက်ကြောင့် ပြည်သူများ ဖြူခါ ပြာခါကျသွားစေပြီး လူထုဆန္ဒပြပွဲများ ဖြစ်လာစေခဲ့သည်။ နောက်ဆုံး ၁၉၈၈ ခုနှစ်တွင်ဤဆန္ဒပြပွဲများက  အထွတ်အထိပ် သို့ရောက်လာခဲ့ပြီး နိုင်ငံနှင့်အ၀န်း လူထုအုံကြွမှုကြီးအထိ အုံကြွပေါက်ကွဲခဲ့ကြသည်။

ယခုလည်း အလားတူဖြစ်ရပ်များက တကျော့ပြန်လာခဲ့ပြီ။

ငွေစက္ကူများ တရားမ၀င်တော့ကြောင်း ကြေညာစဉ်ကလည်း ဦးနေ၀င်းက မည်သူ့ကိုမျှ ကြိုတင်အသိမပေးခဲ့။ နောက်ဆုံး သူ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအမှုဆောင်ကော်မတီဝင်များကိုပင် အသိမပေးခဲ့ပဲ ဆုံးဖြတ်ကြေညာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဦးနေ၀င်း၏ မှားယွင်းမှုကြီးကို လက်ရှိစစ်အစိုးရက သင်ခန်းစာယူရကောင်းမှန်း မသိခဲ့။ နှစ်ပေါင်း (၂၀) တိတိကြာပြီးနောက် ၂၀၀၇ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏ စစ်အစိုးရကလည်း ပုံတူအမှားမျိုး အမိန့်ထုတ်ပြန် ချက်ကို ၎င်းတို့၏ မြိုတော်သစ် နေပြည်တော်မှ ထုတ်ပြန်လာခဲ့ပြန်သည်။ လောင်စာဆီဈေးများကို ညတွင်းချင်း မတန်တဆ မြှင့်တင် ခဲ့ကြသည်။ နီးစပ်သော သတင်းရပ်ကွက်များအဆိုအရ ဤအမိန့်ကိုထုတ်ပြန်စဉ်က စွမ်းအင်ဝန်ကြီးဌာနရှိ အဆင့်မြင့်
တာဝန်ရှိသူများပင် မသိခဲ့ကြရ၊ အမိန့်ထုတ်ပြန်ပြီးသည့် အချိန်မှသာ တွေ့ခဲ့ကြရပြီး အလွန်အမင်း အံ့အားသင့်ခဲ့ကြရသည် ဟုလည်း ဆိုကြသည်။

၁၉၈၇ ခုနှစ်ကနှင့် အလားတူ ကြေညာချက်ကြောင့် လူထုကို စီးပွားရေးအကျပ်အတည်း ဆိုက်စေပြီး လမ်းမပေါ်ထွက်ကြ သော အဖြစ်သို့ရောက်ခဲ့သည့် အခြေအနေမျိုး ယနေ့အချိန်တွင်လည်း လူထုအုံကြွမှုများ ပြန်လည်ပေါ်ပေါက်လာစေမည့် အခြေအနေသို့ တွန်းပို့နေပြန်သည်။ လောင်စာဆီဈေးများကို ၂ ဆ၊ ၃ ဆတိုးမြှင့်ရန် စစ်အစိုးရထိပ်ပိုင်း၏ တဖက်သတ် ဆုံးဖြတ်ချက်ကြောင့် ရန်ကုန်နှင့်အခြားမြို့များတွင် ဆန္ဒပြပွဲများလည်း ရုတ်ချည်း ဖြစ်ပွားလာခဲ့ပါသည်။

ဦးနေ၀င်းလက်ထက်ကအတိုင်း လက်ရှိစစ်အစိုးရကလည်း မိမိ၏ အုပ်ချုပ်ရေးညံ့ဖျင်းမှုကို အခြားသူအပေါ် လှီးလွှဲချနိုင်ရန် သားကောင်ရှာခဲ့ပြန်သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ရွေးထုတ်၍ အပြစ်ပုံချကာ ဆူပူလှုံ့ဆော်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြန်သည်။ သို့သော်လည်း ဤကျောင်းသားခေါင်းဆောင်များက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အပြုသဘော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးအတွက် တစိုက်မတ်မတ် တောင်းဆိုလာခဲ့ကြသူများလည်း ဖြစ်သည်။

စစ်အစိုးရက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို “နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်သည်၊ အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးကို နှောင့်ယှက်ဖျက်ဆီးသည်” ဟု စွပ်စွဲခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ၎င်းတို့အနက်မှ ၁၃ ဦးကို ဖမ်းဆီးခဲ့ပြန်သည်။ နာမည်ကြီးကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျတို့ အပါအ၀င် အခြားတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံခဲ့ကြရသည်။

အကယ်၍ စစ်အစိုးရအနေဖြင့် ပြည်သူလူထုအပေါ် ရိုးသားမှုမရှိခြင်း၊ ပြည်သူလူထု၏ ဆန္ဒသဘောထားများကို ညှိနှိုင်း လိုက်လျောလိုခြင်းမရှိဘဲ ဆက်လက် တင်းမာနေမည်ဆိုပါက ကျဆင်းနေသော တိုင်းပြည်၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေမှန်များကို မျက်ကွယ်ပြု ငြင်းပယ်နေမည်ဆိုပါက များမကြာမီကာလတွင် နောက်ထပ်တကြိမ် သွေးချောင်းစီး ရသည့် လူမှုရေးအုံကြွပေါက်ကွဲမှုများနှင့် ကြုံရဖွယ် ရှိနေပါသည်။

ဤသို့ အကျပ်အတည်းများကို ရှောင်လွှဲနိုင်ရန်ဆိုလျှင် စစ်အစိုးရအတွက် လုပ်ဆောင်စရာတလမ်းသာ ရှိပါသည်။ ၎င်းတို့၏ ကာလကြာရှည် တင်းကျပ်စွာ အာဏာချုပ်ကိုင်ထားမှုများကို လျှော့ချ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား လူမျိုးစုပါတီများ၊ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့များ အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်းအားလုံးနှင့် တစားပွဲတည်း ထိုင်တွေ့ဆုံဆွေးနွေးရေးသာ ဖြစ်ပါသည်။ သို့မှသာ လက်ရှိ တိုင်းပြည်ကြုံတွေ့နေရသော နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေရှာနိုင်လိမ့်မည် ဖြစ်ပါသည်။ ဤကိစ္စမှာလည်း စစ်အစိုးရက ခေါင်းမာစွာ ငြင်းပယ်နေခဲ့သောကိစ္စ ဖြစ်ပါသည်။

ယခုအချိန်သည် နိုင်ငံကိုချုပ်ကိုင်ထားသော စစ်ဗိုလ်ချုပ်ကြီးများအနေနှင့် မြန်မာပြည်သူများ ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို အမှန်အတိုင်း သဘောပေါက်နားလည်သင့်ပေပြီ။ ၎င်းတို့၏လူမှုဒုက္ခများ ဖြေရှင်းပေးနိုင်ရေးအတွက် အဆောတလျှင် အဖြေရှာ ကြိုးပမ်းရတော့မည့် အချိန်လည်း ဖြစ်ပါသည်။

သို့မဟုတ်ပါက ထိန်းမနိုင်သိမ်းမရ သွေးထွက်သံယို လူထုအုံကြွမှုများဖြစ်ပေါ်လာနိုင်ပြီး မြန်မာ့သမိုင်းတွင် နောက်ထပ် အမည်းစက် စွန်းထင်းစေမည့် အဖြစ်သို့ ကျရောက်နိုင်ပါသည်။     ။ [Top]

၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်က ဧရာဝတီ အင်တာနက် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော Civil Unrest Looms Unless a Political Solution is Found (Editorial) ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.