#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

အော်ဟစ်ခြင်း၏ အကျိုးကျေးဇူး

ဥရောပတွေးခေါ်ရှင်တဦးက အော်ဟစ်ခြင်း၏ အရေးပါပုံအကြောင်း စာအုပ်တအုပ်ရေးဖူးသည်။ သူက အော်ဟစ်ခြင်း အတတ်ပညာနှင့်ပတ်သက်ပြီး ငါးသတ္တဝါနှင့် ကြောင်သတ္တဝါကို နှိုင်းယှဉ်ပြပါသည်။

လူတို့ ငါးမျှားသည့်အခါ ငါး၏ အာခေါင်မှာ ငါးမျှားချိတ်စူးဝင်သော်လည်း ငါးတို့မှာ အော်ဟစ်ခြင်းမရှိ။ ထိုကြောင့် အာခေါင်မှာ သံချိတ် အစူးခံရသည့် ငါးများအပေါ် သနားမည့်သူမရှိ။ မည်သူကမှ အရေးမစိုက်။ ထိုမျှမက ငါးများများ မျှားနိုင်သည့်သူသည်ပင် အချီးမွမ်းခံရသေးသည်။ အော်ဟစ်ခြင်း မရှိသည့်အတွက် ငါးများသည် ယနေ့တိုင် ရက်ရက်စက်စက် အမျှားခံနေရခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

အကယ်၍ လူတယောက်သည် သံဆူးချိတ်ဖြင့် ငါးကိုမမျှားဘဲ ကြောင်ကိုမျှားမည် ဆိုပါစို့။ အာခေါင်မှာ သံချိတ်စူးခံရသည့် ကြောင်သည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းအောင် စူးစူးဝါးဝါး အော်ဟစ်မည်မှာသေချာသည်။ ကြောင်တကောင်၏ အော်ဟစ်သံကိုကြားရလျှင် အသံရှိရာသို့ လူတွေဝိုင်းလာပါမည်။ ကြောင်ကိုမျှားနေသူအား ဝိုင်းဝန်းဆန့်ကျင်ကြပါလိမ့်မည်။ ရက်စက်လှချေလား။ အကြင်နာကင်းလှချေလား။ လူစိတ်ကင်းလှချေလား။ တဆက်တည်းမှာပင် အော်ဟစ်နေသော ကြောင်ကို ဝိုင်းဝန်းကယ်တင်ရန်လည်း ကြိုးစားကြပါလိမ့်မည်။ သေချာသည်ကတော့ လူရှေ့သူရှေ့တွင် ငါးကို သံဆူးချိတ်ဖြင့် ဖမ်းသလိုမျိုး ကြောင်ကို မည်သူမျှ မဖမ်းရဲကြပေ။ အဘယ်ကြောင့်နည်း။

သံဆူးချိတ်ကြောင့် ခံရသော ဝေဒနာကား အတူတူပင် ဖြစ်ပါမည်။ သို့သော် ယင်းအပေါ် တုံ့ပြန်မှုမှာမတူ။ ငါးက မအော်။ ကြောင်ကအော်သည်။ ကြောင်တို့ကား ဆတ်ဆတ်ထိမခံ အော်ဟစ်တတ်သူများဖြစ်ရာ လူတို့၏ ရက်စက်မှုဒဏ်မှ ကင်းဝေးကြရသည်။ အော်ဟစ်ခြင်းအားဖြင့် အသက်ဘဝနှင့်ချီသော အကျိုးကျေးဇူးကို ရရှိပါသည်ဟု တွေးခေါ်ရှင်က ကောက်ချက်ချသည်။

မြန်မာပြည်သူပြည်သားတို့ကား အာဏာရှင်တို့၏ဒဏ်ကို ခံနေရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ အလိမ်ခံရသည်။ အညစ် ခံရသည်။ အနိုင်ကျင့်ခံရသည်။ အလုယက်ခံရသည်။ အနှိပ်စက်ခံရသည်။ အညှဉ်းပန်းခံရသည်။ အဓမ္မခိုင်းစေခံရသည်။ အဓမ္မအကျင့်ခံရသည်။ မီးလောင်တိုက်အသွင်းခံရသည်။ ထောင်သွင်းအကျဉ်းချခံရသည်။ နယ်နှင်ခံရသည်။ အသတ်ဖြတ် ခံရသည်။ လူချင်းတူတူ သူချင်းမျှမျှ မနေရဘဲ ကျေးကျွန်များသဖွယ် တိရစ္ဆာန်များသဖွယ် နှိမ့်ချဆက်ဆံခြင်းခံရသည်။ သို့သော် မြန်မာပြည်သူ ပြည်သားတို့ကား ငါးများကဲ့သို့ ငြိမ်ခံနေကြသည်သာ များ၏။ အသံမထွက်ဘဲ အောင့်အည်း ကြိတ်မှိတ်၍ ခံနေကြသည်သာ များ၏။ အကျိုးဆက်အားဖြင့် အာဏာရှင်တို့ စံမြဲစံနေကြပြီး ပြည်သူပြည်သားများ ခံမြဲခံနေရပေသတည်း။

လတ်တလောကာလအတွင်း မြန်မာပြည်သူပြည်သားတချို့၏အသံများ ထွက်ပေါ်လာသည်။ ဒေါက်တာဆလိုင်း ထွန်းသန်း ကဲ့သို့သော ပညာရှင်၏ အသံ၊ မစုစုနွေးကဲ့သို့သော အခြေခံလူထု၏ အသံ၊ ဦးအေးမြင့်ကဲ့သို့သော လူထုအကျိုးဆောင်၏ အသံများ ထွက်ပေါ်လာသည်။ မတရားမှုကို ငြိမ်မခံဘဲ လူသိရှင်ကြား အော်ဟစ်လိုက်သော အသံများဖြစ်လေရာ နိုင်ငံတကာမှ ဝိုင်းဝန်းအာရုံစိုက်လာကြသည်။ စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော မတရားမှုများကို တွေ့မြင်လာကြသည်။

လူဆန်သောလူတို့အတွက်ကား အထက်ပါမတရားမှုများကို မည်သို့မျှလက်ခံနိုင်ခြင်းမရှိလေရာ သူတို့က တဖန်ထပ်မံ အော်ဟစ်ကြပြန်သည်။ တကမ္ဘာလုံးက အော်ကြဟစ်ကြလေသော် ဆိုးညစ်သောအမှုတို့ကို ပြောင်ပြောင်တင်းတင်း ပြုနေသော စစ်အာဏာရှင်တို့သည်ပင် ချောက်ချားကုန်ကြပြီး လုပ်လက်စ မတရားမှုတို့ကို ရပ်လိုက်ကြရတော့သည်။

လတ်တလောကာလတွင် မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ထည့်သွင်းဆွေးနွေးတော့မည်ဟု ဆုံးဖြတ် လိုက်ခြင်းမှာ စင်စစ် အော်ဟစ်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်ပါသည်။ မတရားမှုကို ငြိမ်မခံတတ်ကြသော ပြည်တွင်းပြည်ပ အတိုက်အခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများ၊ တသီးပုဂ္ဂလ လှုပ်ရှားသူများ၊ အန်ဂျီအိုများ၏ အော်ဟစ်သံများကြောင့် ယခုအဆင့်အထိ ရောက်လာခြင်း ဖြစ်ပါသည်။

ဆိတ်ဆိတ်နေခြင်းသည် သဘောတူခြင်း ဖြစ်သည်ဟူသောစကား၊ တိတ်တိတ်နေခြင်းသည် အားပေးခြင်း ဖြစ်သည်ဟူသော စကားများရှိသည်။ သို့ဆိုလျှင် တိတ်တိတ်ဆိတ်ဆိတ်မနေဘဲ အော်ဟစ်ခြင်းသည် ဆန့်ကျင်ခြင်းဖြစ်သည်ဟု ဆိုရမည်။ မတရားမှုကို ထုတ်ဖော်အော်ဟစ်ခြင်းသည် မတရားမှုကို ဆန့်ကျင်တော်လှန်ခြင်းတမျိုးဟု ပြောရမည်။ စစ်အာဏာရှင် စနစ်၏ သံဆူးချိတ်မှ အလျင်အမြန် လွတ်မြောက်နိုင်ရေးအတွက် အာဏာပါးကွက်သားတို့၏ မတရားမှုများကို အသံကုန် ထုတ်ဖော် အော်ဟစ်ကြပါစို့ ဟု တိုက်တွန်းလိုက်ရပါကြောင်း။     ။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.