#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

စစ်လမ်းကြောင်းနှင့် ငြိမ်းချမ်းရေးလမ်းကြောင်း

မြန်မာ့နိုင်ငံရေး၏ ကြီးမားသောအလှည့်အပြောင်းတိုင်းတွင် ကျောင်းသားများသည် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သည့် ၁၃၀၀ ပြည့် အရေးတော်ပုံမှသည်  ၁၉၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှုအထိ မြန်မာတနိုင်ငံလုံး၊ မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်သော အရေးအခင်းကြီးများတွင်  ကျောင်းသားများသည် အသက်သွေးချွေးများနှင့် ရင်းပြီး ပါဝင်စွမ်းဆောင်ခဲ့ကြသည်။ ထိုကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်မည်ဆိုလျှင်  ကျောင်းသားတို့၏ ကြီးကျယ်ခမ်းနားသော စွမ်းဆောင်ချက်များကို အထင်အရှားတွေ့ရပါလိမ့်မည်။

ထိုကြောင့် မြန်မာနိုင်ငံတွင် ကျောင်းသားဟူသော အသုံးအနှုန်းသည် ကျောင်းတွင် ပညာသင်ယူနေသူ ဟူသော အနက်ကို ကျော်လွန်ပြီး အမျိုးသားရေးကို ဆောင်ရွက်နေသူဟူသော အဓိပ္ပါယ်အထိ ကျယ်ဝန်းနေသည်။ သို့ဖြင့် ကျောင်းသားလှုပ်ရှား မှုများ ရှင်သန်တက်ကြွနေခြင်းသည် အမျိုးသားရေး လုပ်ငန်းများ အညွန့်တက်စည်ပင်လာခြင်းကို ဖော်ပြနေပြီး ကျောင်းသားလှုပ်ရှားမှုများ ဆုတ်ဆိုင်း ရပ်တန့်နေခြင်းသည် အမျိုးသားရေးလုပ်ငန်းများ ညှိုးမှိန်လာခြင်းဟု ဆိုနိုင်သည်။ ကျောင်းသားများ၏ အခြေအနေသည် မြန်မာ့အမျိုးသားရေး၏ ရေချိန်ပင် ဖြစ်သည်။

ယနေ့ကာလတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အကျဉ်းကျခံနေရသောနိုင်ငံရေးသမားများ  လွတ်မြောက်ရေး အတွက် ဆန္ဒဖော်ပြသည့် လက်မှတ်ထိုးလှုပ်ရှားမှု၊ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အဖြူရောင်လှုပ်ရှားမှု၊ နိုင်ငံငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းမေတ္တာပို့လှုပ်ရှားမှု တို့ကို ဆောင်ရွက်နေသည်မှာ အမျိုးသားရေးလုပ်ငန်းများ အညွန့်တက်လာခြင်းဟု ဆိုရမည်။ ဤသို့သော လုပ်ငန်းများတွင် ကျောင်းသားလူငယ်များသာမက လူတန်းစားအသီးသီးမှ အများပြည်သူတို့  အားပေးပါဝင် ခဲ့ခြင်းသည် ကျောင်းသားနှင့် အမျိုးသားရေး ပူးတွဲယှဉ်စပ်နေခြင်းကို သက်သေပြချက်ပင် ဖြစ်သည်။

အခြားတဖက်တွင်ကား စစ်အစိုးရက အမျိုးသားညီလာခံကို ကျင်းပနေပါသည်။ ဖွဲ့စည်းပုံအခြေခံကို ရေးဆွဲနေသည့်မှာ ယင်းညီလာခံမှာ ၁၃ နှစ်ကျော်ပြီ ဖြစ်သော်လည်း ယခုထက်တိုင် အပြီးမသတ်နိုင်သေး။ ဖွဲ့စည်းပုံအခြေခံပေါ်ပေါက်ရေးသည် မြန်မာနိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ဟု ကြွေးကြော်နေခဲ့ သော်လည်း မြန်မာနိုင်ငံသားတို့က ကိုယ်စားလှယ် အဖြစ်ရွေးချယ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်များမှာ ဖွဲ့စည်းပုံရေးဆွဲသည့် ညီလာခံတွင် မပါဝင်။ ပြည်သူ့ကိုယ်စားလှယ်မပါဝင်သောညီလာခံကို အမျိုးသားညီလာခံဟု အမည်တပ်ခြင်းမှာ အမြီးအမောက်မတည့်သဖြင့် ရယ်စရာလိုဖြစ်နေသော်လည်း အနာဂတ်ကို မျှော်ကြည့်လျှင်ကား အထူးရင်လေးဖွယ်ဖြစ်သည်။

အနာဂတ်အရေး စိတ်မအေးရခြင်းတွင် အကြောင်းရင်းအခိုင်အမာရှိနေသည်။ စစ်အစိုးရသည် အမျိုးသားညီလာခံကို ကျင်းပခါနီးတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ထိန်းသိမ်းခဲ့သည်။ ယင်းသို့ထိန်းသိမ်းပြီးနောက်တွင် ၈၈မျိုးဆက်ကျောင်းသားများကို စွပ်စွဲပုတ်ခတ်သည့် အရေးအသားများသည် စစ်အစိုးရ၏ သတင်းစာများ၌ ဆက်တိုက် ပါရှိခဲ့သည်။  စစ်အစိုးရသည် သူ့အသက်ဆက်နိုင်ရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်မည့်သူများကို ရှင်းလင်းတော့မည့် လက္ခဏာဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အခိုင်အမာ တည်ဆောက်နိုင်ရေး အတွက် အမျိုးသားရေး ဆောင်ရွက်နေသူများကို အပြတ်ချေမှုန်းတော့မည့် နိမိတ်ပင်  ဖြစ်သည်။

၈၈ကျောင်းသားများကို ထိန်းသိမ်းလိုက်သည့်နောက်တွင် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လမ်းကြောင်းနှစ်ခုသည် သိသိသာသာကွဲပြားလာသည်။ စစ်အစိုးရက လှည့်စားမှုများဖြင့် ပြီးသော ဖွဲ့စည်းပုံအခြေခံဖြင့် စစ်အာဏာရှင်စနစ် လမ်းကြောင်းကို ဖောက်လုပ်နေသည်။ ၈၈မျိုးဆက် ကျောင်းသား များက လက်မှတ်ထိုးလှုပ်ရှားမှုများ အဖြူရောင် လှုပ်ရှားမှုများဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖောက်နေသည်။

ကျွန်ုပ်တို့ ပြည်သူများ မည်သည့်လမ်းကို လိုက်မည်နည်း။ စစ်ဗိုလ်ချုပ်ကြီးများ၏ လမ်းလား- ကျောင်းသားခေါင်းဆောင် တို့၏လမ်းလား။ သို့မဟုတ်  စစ်လား - ငြိမ်းချမ်းရေးလား။     ။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.