မြန်မာစစ်အစိုးရ၏ နောက်ထပ် လူသတ်မှုတခု
မြန်မာစစ်အစိုးရကား ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံး အစိုးရဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့ များက ဝေဖန်ပြစ်တင်ခဲ့သည်မှာ ကြာပြီ။ ပြည်တွင်းပြည်ပရှိ အတိုက်အခံနိုင်ငံရေး အဖွဲ့များကတော့ ထိုမျှဖြင့် မကျေနပ်။ “လက်မရွံ့လူသတ်သမားအစိုးရ”ဟု တံဆိပ်ကပ်သည်။ လက်တွေ့ဖြစ်ရပ်များဖြင့် ထောက်ဆကြည့်လျှင် မြန်မာစစ်အစိုးရ သည် ယင်း အမှတ်တံဆိပ်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်။
လွန်ခဲ့သည့်တနင်္လာနေ့က ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် ကိုသက်ဝင်းအောင်သည် မန္တလေး အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့သည်။ သေဆုံးချိန်တွင် သူ၏အသက်မှာ ၃၄ နှစ်သာ ရှိပါသေး၏။ နှလုံးရောဂါ အသဲရောဂါ ငှက်ဖျားရောဂါ စသည့် ပြင်းထန်သော ရောဂါများကို ခံစားရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ မည်သည့် ဆေးကုသမှုကိုမှ မရရှိဘဲ သေဆုံးသွားရသည့်အဖြစ်မှာ နာကြည်းကြေကွဲဖွယ် ကောင်းလှပေသည်။
ထောင်ဒဏ် ၅၉ နှစ် ကျခံနေရသော၊ ရောဂါဒဏ်များကြောင့် လမ်းလျှောက်၍ မရနိုင်ခဲ့သော၊ လောလောဆယ်ကာလ တွင်ပင် အကိုတယောက်ဖမ်းဆီးခြင်းခံရသဖြင့် ကြေကွဲခံစားနေရသော ကိုသက်ဝင်းအောင်ကို ဆေးကုသမှုမပေးဘဲ ရက်ရက်စက်စက် ကြည့်နေနိုင်ရက်ခဲ့သည့် အာဏာပိုင်တို့သည် ကိုသက်ဝင်းအောင်၏ရုပ်အလောင်းကို သူ့ မိသားစုအား ပြန်မအပ်ခဲ့ဘဲ ထောင်တွင်းမှာပင် မီးသင်္ဂြိုဟ်လိုကသလိုလို သတင်းကြားလိုက်ရခြင်းကား ပိုမို စိတ်ထိခိုက်ဖွယ် ကောင်းလှသည်။
စကားကို သိမ်မွေ့ညင်သာစွာ ပြောဆိုတတ်သော ကိုသက်ဝင်းအောင်သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် သွားသည့် ၁၉၉၈ ခုနှစ်တွင် အဖမ်းခံရခြင်း ဖြစ်သည်။ ထိုအချိန်က သူ့အသက်မှာ ၂၆ နှစ်သာ ရှိပါသေး၏။ စစ်အစိုးရ အာဏာပိုင်များက သူ့အား ထောင်ဒဏ် ၅၉ နှစ် ချလိုက်သည်။ ထိုင်းနိုင်ငံရှိ အတိုက်အခံအဖွဲ့များနှင့် ဆက်သွယ်ခဲ့သော ကြောင့်ဟု စွဲချက်တင်ပါသည်။ စစ်အစိုးရ၏ အသုံးအနှုန်းအရ ဆိုလျှင်ကား “ မတရားသော အသင်းအဖွဲ့များနှင့် ဆက်သွယ်မှု” ဖြစ်ပါမည်။
ကိုသက်ဝင်းအောင် ဆက်သွယ်ခဲ့သော`မတရားအသင်း´တွင် ဧရာဝတီမဂ္ဂဇင်းလည်း တခုအပါအဝင် ဖြစ်ပါသည်။ ၁၉၉၇ - ၉၈ ခုနှစ်အတွင်း ရက်တရက်တွင် ကိုသက်ဝင်းအောင်သည် ဧရာဝတီ၏အယ်ဒီတာများနှင့် တွေ့ဆုံစကား ပြောခဲ့သည်။ မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး ဒီမိုကရေစီရရှိရေးအတွက် ကျောင်းသားဆန္ဒပြပွဲတခုကို လုပ်မည့်အကြောင်း သူ ပြောပြသည်။ ဘေးအန္တရာယ်တွေ ရှိနေသည်ကို သူမသိသည်မဟုတ်။ သို့သော် ကိုသက်ဝင်းအောင်ကား “လာမယ့်ဘေး ပြေးတွေ့” ဆိုသည့် လူမျိုး။ စိတ်ပိုင်းဖြတ်ထားသည့် အလုပ်ကို မကြောက်မရွံ့လုပ်မည့်သူမျိုး။ ထို့ပြင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြင့် စစ်အစိုးရအား နိုင်ငံရေးအပြောင်းအလဲဖြစ်စေမည်ဟု ယုံကြည်သူ။ ယင်းသို့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကြောင့် အဖမ်းခံရလျှင်လည်း နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သူ။
ကျောင်းသားများ၏ ဆန္ဒပြပွဲက စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးစေလိမ့်မည်ဟု သူက ဧရာဝတီ အယ်ဒီတာများကို ပြောသည်။ ကျွန်ုပ်တို့ကား ကိုသက်ဝင်းအောင်၏ ရည်ရွယ်ချက်များနှင့် တိုင်းပြည်အပေါ်ထားရှိသည့် မျှော်လင့်ရည်မှန်းချက်များကို မြတ်နိုးလေးစားခဲ့ရသည်။ မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံတော်တခုအဖြစ် မြင်တွေ့လိုသည့် စိတ်ဇောများ ပြင်းပြထက်သန်လှသည့် လူငယ်တယောက်နှင့် ယင်းကဲ့သို့ လူငယ်များ၏ သွေးများဖြင့် စွန်းထင်းပေကျံ နေသည့် စစ်ဗိုလ်ချုပ်ကြီးများကား ဘယ်လိုနှိုင်း၍ ရနိုင်ပါမည်နည်း။
စစ်အစိုးရကား သူ၏အာဏာတည်မြဲရေးအတွက်သာ စဉ်းစားနေသည့် အဖွဲ့ဖြစ်ပါသည်။ ထိုကြောင့်ပင် နိုင်ငံတော်အရေး ပြည်သူလူထုအရေး ဆောင်ရွက်နေသည့် မြင့်မြတ်လှသော ကိုသက်ဝင်းအောင်ကဲ့သို့ လူငယ်များကို သုတ်သင်ရှင်းလင်း နေသည်မှာ ယခုဖြစ်ရပ်ဖြင့် ထင်ရှားပါသည်။ စစ်အစိုးရ၏သက်တမ်း ၁၈ နှစ်ကာလအတွင်း ထောင်ထဲမှာ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၃၀ ရှိလေပြီ။ ယခုတနှစ် အတွင်းမှာပင် သေဆုံးသူပေါင်း ငါးဦး ရှိပြီ။ ယင်းကဲ့သို့ သေဆုံးသူ များတွင် ကိုသက်ဝင်းအောင်သည် နောက်ဆုံးမဟုတ်သည်မှာတော့ သေချာသည်။
စစ်အစိုးရသည် လွန်ခဲ့သည့် တပတ်ကပင် အမျိုးသားညီလာခံကို ပြန်စခဲ့သည်။ ယင်းအမျိုးသား ညီလာခံသည် ဒီမိုကရေစီ နိုင်ငံတော်တရပ်ကို ဖော်ဆောင်ဖန်တီးရေးအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု စစ်အစိုးရက မြန်မာ့ပြည်သူများကို လည်းကောင်း နိုင်ငံတကာကို လည်းကောင်း လေလုံးထွားထွားဖြင့် ပြောကြားနေပါသည်။ ယင်းပြောကြားချက်သည် လိမ်ညာလှည့်ဖျားမှုသက်သက်သာ ဖြစ်ကြောင်း ကိုသက်ဝင်းအောင်၏ ကြေကွဲဖွယ်သေဆုံးရမှုက အခိုင်အမာသက်သေ ပြနေပါသည်။ ။ [Top] |