#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

အခြေခံဥပဒေလား၊ နိုင်ငံရေးထောင်ချောက်လား

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းစဉ်က “တိုင်းပြည် ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ စစ်တပ်က ကယ်တင်လိုက်ရတယ်” ဆိုသည့်စကားကို ပြောခဲ့သည်။ စင်စစ် ချောက်ထဲကျဖို့ လက်တလုံးလိုနေသေးသည့် မြန်မာနိုင်ငံကို ချောက်ထဲသို့ အမြန်ဆုံးကျအောင် တွန်းချခဲ့ခြင်းသာဖြစ်ကြောင်း သမိုင်းသက်သေ အထင်အရှားရှိသည်။ အာရှတိုက်၏ စပါးကျီဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် ဆန်စပါးရှားပါးမှုပြဿနာ ပေါ်ပေါက်ခဲ့ခြင်းများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းများ။

ဗိုလ်ချုပ်ကြီးနေဝင်းသည် အာဏာသိမ်းပြီးနောက် ၁၂ နှစ်အကြာ ၁၉၇၄ ခုနှစ်တွင် အခြေခံဥပဒေတခုကိုရေးဆွဲပြီး စစ်အာဏာရှင်စနစ်ကို အခိုင်အမာတည်ဆောက်ခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဟူသော စကားလုံးလှလှဖြင့် တိုင်းပြည်ကိုလှည့်ဖြားခဲ့သည်။ လက်တွေ့နိုင်ငံရေးတွင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည်  စစ်အာဏာရှင်စနစ်အတွက် အခြေခံအုတ်မြစ်သဖွယ် ဖြစ်လာခဲ့သည်။ စစ်သားက အုပ်ချုပ်သူလူတန်းစားဖြစ်ပြီး ပြည်သူလူထုက အုပ်ချုပ်ခံလူတန်းစား ဖြစ်လာသည်။ ယမ်းနံ့ညှီသော အခြေခံဥပဒေအောက်တွင် ခံစားခဲ့ရသော ပြည်သူလူထု၏ ဆင်းရဲပင်ပန်းမှုတို့ကို ရေးသားမည်ဆိုပါက ငရဲခန်းရှုံးပါမည်။

ယခုတဖန် လာပြန်ပြီ။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးသည် မြန်မာနိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည် တဲ့။ ၁၉၉၃ ခုနှစ်ကတည်းကစခဲ့သော ကြွေးကြော်သံ ဖြစ်ပါသည်။ ၁၃ နှစ်သား ရှိပြီဖြစ်သော ယင်းကြွေးကြော်သံသည် ယခုလတ်တလောကာလတွင် ပို၍ အသံကျယ်လာသည်။ သို့ဖြင့် အခြေခံဥပဒေသစ်အရ နေရာနှင့်အာဏာ ရမည့်သူတို့သည် ခြေလှမ်းသွက်လာသည်။ အထူးသဖြင့် ကြံ့ဖွံ့ဟု လူသိများသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးသည် လူလုံးပိုပြလာသည်။ တရုတ်နိုင်ငံကဲ့သို့သော အင်အားကြီးနိုင်ငံက ကြံ့ဖွံ့အသင်းကို သူတို့၏ နိုင်ငံတော်ပွဲလမ်းများသို့ တခုတ်တရ ဖိတ်သည်။ ကြံ့ဖွံ့အသင်းလူကြီးတို့က သူတို့တွင် အသင်းဝင်ပြည်သူလူထု သန်း၂၀ ကျော် ရှိသည်ဟုလည်း လက်ရုံးလက်မောင်းတန်းသည်။

အသင်းဝင်သန်း၂၀ ကျော်ကား မဝင်မဖြစ်သည့် အခြေအနေများကို ဖန်တီးသောကြောင့် ဝင်လိုက်ရသောသူများသာ ဖြစ်သည်။ ဥပမာ အစိုးရအလုပ်ကို လျှောက်သည့်အခါတွင် ကြံ့ဖွံ့အသင်းဝင်မဟုတ်ပါက ပယ်ခြင်းမျိုး။ လက်ရှိဝန်ထမ်းတိုင်း ကြံ့ဖွံ့အသင်းကို မဝင်မနေရခြင်းမျိုး။ သို့သော် ကြံ့ဖွံ့ကို ကြီးစိုးလွှမ်းမိုးနေသည့်သူများကား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရုံးစစ်ဗိုလ်စစ်သားများသာ ဖြစ်ပါသည်။ ထိုကြောင့် ယင်းစစ်ဗိုလ်စစ်သားများကပင် အနာဂတ်မြန်မာနိုင်ငံကို အုပ်ချုပ်တော့မည်မှာ သေချာသည်။

သို့ဖြင့် အနာဂတ်မြန်မာနိုင်ငံသည် မကြာမီပေါ်ထွန်းလာမည့် အခြေခံဥပဒေသစ်အရ စစ်အာဏာရှင်စနစ်ဆီသို့သာ မလွှဲမသွေ ပြန်သွားရတော့မည်ဟု ကောက်ချက်ချ၍ ရနိုင်သည်။ ထိုကြောင့် အခြေခံဥပဒေ အသစ်သည်လည်း ထောင်ချောက်တခုပင် ဖြစ်ပေတော့သည်။

ယနေ့အချိန်တွင် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးကို အပြစ်မြင်သူတို့က ပြန်မြင်နေသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲသည် ဘာမှအရေးမပါသယောင် ထင်မြင်ယူဆ ပြောဆိုနေကြသူများလည်း ရှိနေသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားသည့်အတွက် အန်အယ်လ်ဒီသည် တင်းမာလွန်းသည် လေသံပစ်သည့်သူက ပစ်နေသည်။ ယင်းလေသံမှာ အစိုးရသတင်းစာ၏ ရေးသားချက်ကို ပဲ့တင်ထပ်ခြင်းသာ ဖြစ်သည်။ အန်အယ်လ်ဒီသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို စွန့်ပစ်လိုက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဟု သတင်းစာတွေ ရေးသားခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲသည် စင်စစ် ပြည်သူလူထု၏ အောင်ပွဲတခုဖြစ်သည်။ ထောင်ပေါင်းများစွာသော အသက်တို့ကို စတေးပြီးမှရရှိခဲ့သည့် အကျိုးရလဒ်တခု ဖြစ်သည်။ ယင်းအောင်ပွဲကို ပယ်ဖျက်ခိုင်းခြင်း စွန့်လွှတ်ခိုင်းခြင်း မထေမဲ့မြင်ပြုခြင်း များသည် ပြည်သူလူထုကို စော်ကားခြင်းပင် ဖြစ်သည်။ ပြည်သူလူထု၏ရင်ဝကို စစ်ဖနှောင့်ဖြင့် ကန်ခြင်းဖြစ်သည်။

ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို ပြန်လည်အုတ်မြစ်ချဖို့အတွက် အခြေခံဥပဒေအသစ်တခုကို ရေးဆွဲနေသည်မှာ ပြီးပြီဟု ကြေညာဖို့သာ ကျန်တော့သည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေရေးဆွဲပြီး ၁၉၉၀ ခုနှစ်ရောက်မှ လွတ်လပ်မျှတသော ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခုကို ကျင်းပနိုင်ခဲ့သည်။ ၁၆ နှစ်ကြာအောင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ နှိပ်စက်မှုဒဏ်ကို ကျောကော့၍ ခံခဲ့ရသည်။ ယခုပြန်လည် အသက်သွင်းလာသော စစ်တပ်ပဓာန အခြေခံဥပဒေကို ထောက်ခံမည်ဆိုပါက စစ်တပ်၏ ညှဉ်းပန်းမှုဒဏ်ကို နောက်ထပ် နှစ်ပေါင်း ၁၆၀ ကြာအောင် ခံနိုင်ပါမည်လားဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်သည်။

ယခုအခြေခံဥပဒေသစ်သာ အတည်ဖြစ်သွားပါက ဗိုလ်ချုပ်ကြီးနေဝင်း တွန်းချလိုက်သဖြင့် ချောက်ထဲသို့ တလိမ့်ခေါက်ကွေး ကျဆင်းနေခဲ့ရသော မြန်မာနိုင်ငံသည် ပို၍ ဆင်းရဲတွင်းနက်ရာဆီသို့ အရှိန်အဟုန်ပြင်းစွာ ဆက်လက် လိမ့်ဆင်းနေဦးမည်ဟုသာ မျှော်လင့်ရပေသည်။     ။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.