#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

အီရတ်သင်ခန်းစာ

အီရတ်နိုင်ငံ၏ဖြစ်ရပ်ကို ကြည့်ပြီး တချို့က ကိုယ့်ဖာသာ သင်ခန်းစာယူကြသည်။ တချို့က သူများကို ယူချင်စေသည်။ သို့သော် အမြင်အမျိုးမျိုး။ ယူပုံယူနည်းအမျိုးမျိုး။ ယူစေချင်သည့် ဆန္ဒအမျိုးမျိုး။

အီရတ်သို့ အမေရိကန်တပ်များ ဝင်ရောက်ခြင်းကို အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ကျသည့်အဖြစ်နှင့် ယှဉ်တွဲကြည့်ကာ အများက သဘောကျကြသည်။ အာဏာရှင် ဆက်ဒမ်ဟူစိန်၏ ရက်စက် ကြမ်းကြုတ်မှု များကို စက်ဆုပ်ရွံရှာ နှလုံးနာသူများ အတွက် သဘောကျရမည်လည်း အမှန်ပင်။

အာဏာရှင်စနစ်၏ ခါးသည်းမှုများကို ခါးဆီးခံနေရသော မြန်မာပြည်သူများအနေနှင့် သန်းခေါင်ထက် ညဥ့်နက်ဖွယ်မရှိသော အခြေအနေအောက်တွင်  အာဏာရှင်ဆက်ဒမ်ဟူစိန်နှင့် အပေါင်းပါများအား ဖြုတ်ချလိုက်သည့်  အမေရိကန်တပ်များကို ဝမ်းမြောက်ဝမ်းသာ အားပေးခြင်းမှာ မှားယွင်းသည်ဟု မဆိုသာ။

နောက်ဆုံး ဆက်ဒမ်ဟူစိန်ကို ဖမ်းဆီး ခုံရုံးတင်ခြင်းနှင့်  ကြိုးပေးလိုက်ခြင်းများကို ကြားသိရသည့်အခါ ပြစ်မှုနှင့် ပြစ်ဒဏ် လျော်ကန်ခြင်းကြောင့်လည်း ကျေနပ်ကြပါမည်။ တဆင့်တက်၍ အားကျသည် ဆိုလျှင်လည်း အားကျထိုက်သည်သာ။ လူ့လောကကို ငရဲခန်းဖြစ်အောင် ပြောင်းလဲသူတို့အား တရားဥပဒေနှင့်အညီ စီရင်လိုက်နိုင်ခြင်းကို ကျေနပ်အားကျခြင်း သည်ပင် စင်စစ်လူဆန်ခြင်း မဟုတ်ပါလား။

အာဏာရှင်စနစ်၏ ယာဇ်ပလ္လင်ထက်တွင် ငြိမ့်နေသောသူတို့အတွက်ကား အီရတ်ဖြစ်ရပ်သည် တမျိုးတမည် ဖြစ်နေပါလိမ့် မည်။ ဆက်ဒမ်ဟူစိန်ကဲ့သို့ အာဏာရှင်တယောက် ကျဆုံးသွားခြင်းသည် သူတို့အတွက် တုံလှုပ်ချောက်ချားဖွယ် ဖြစ်နေမည်။ ဆက်ဒမ်ကို ကြိုးပေးသည်ဟု ကြားလိုက်ရပြီးသည့် နောက်တွင် စားဝင်အိပ်ပျော်တော့မည်မဟုတ်။

ထိုအခါ သင်ခန်းစာယူဖို့ထက် ချောက်အိပ်မက်မှ လွတ်လမ်းကို အကြံထုတ်ဖို့က ရှေ့တန်းရောက်လာမည်။ သို့ဖြင့် အသွင် ကူးပြောင်းရေးကာလကို အဆိုးမြင်ဖြင့် လက်ညှိုးထိုးပြမည်။ ထိုနောက် ဤသည်ကို သင်ခန်းစာယူကာ နဂိုအတိုင်း နေသည်က မကောင်းပါလားဟု ကိုယ့်ကိုယ်ကိုယ်လည်းကောင်း သူတပါးကိုလည်းကောင်း လှည့်ဖျားမည်။ အာဏာရှင်စနစ် အတွင်း စည်းစိမ်ယစ်မူးနေသူတို့အနေနှင့်  လက်ရှိအီရတ်အခြေအနေကို သဘောမကျနိုင်ခြင်းမှာ အဆန်းဟု မဆိုသာ။ သို့သော် ယင်းကဲ့သို့ သဘောမကျနိုင်သည့်အဖြစ်ကို လူဆန်သည့်စိတ်ထားဟုကား  ပြော၍ရနိုင်မည် မဟုတ်ပေ။

အီရတ်၏ လက်ရှိအနေအထားကို တန်ဖိုးဖြတ်လိုသည်ဆိုလျှင် ယခင်ကာလဖြစ်သော ဆက်ဒမ်ဟူစိန် ခေတ်ကို ပြန်ကြည့်ရန် လိုအပ်သည်။ “ နေ့ချင်းညချင်း ဘာမှ မတိုးတက်” ဟူသော အပေါ်ယံအမြင်မျိုးဖြင့် အပြစ်မပြောခင် ဆက်ဒမ်က ရှီယာ မူဆလင်များနှင့် ကာ့ဒ်လူမျိုး ထောင်သောင်းများစွာအပေါ် ဓာတုလက်နက်များ သုံးပြီး လူမျိုးသုတ်သင်မှုပြုခဲ့သည့် အဖြစ်ကို ပြန်ကြည့်သင့်သည်။ လူပေါင်း တသောင်းကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် သင်းချိုင်းတွင်းကြီး များကို ပြန်လည် အမှတ်ရသင့်သည်။

သို့ဆိုလျှင် အာဏာရှင်စနစ်၏ ဖျက်ဆီးမှုကို နှစ်ပေါင်း ၂၅ နှစ်ကြာ ခံခဲ့ရသော အီရတ်အား ဆက်ဒမ်ပြုတ်ပြီးနောက်  နေ့ချင်းညချင်း တိုးတက်အောင် မလုပ်နိုင်ဟု အပြစ်ဖို့ခြင်းမှာ အသိပညာနှင့် ယှဉ်သော ဝေဖန်မှု ဖြစ်နိုင်ပါမည်လား။ ဆက်ဒမ်၏ လက်ကျန် နောက်လိုက်များက  ဗုန်းများဖောက်ခွဲရာမှ အရပ်သားတို့ အသက်ဆုံးပါး ရခြင်း အတွက် အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသူများအပေါ် အပြစ်တင်ခြင်းမှာ ဆင်ခြင်တုံတရားနှင့် ညီပါမည်လား။

စင်စစ် အာဏာရှင်စနစ်၏ အတိတ်ကိုပဲဖြစ်ဖြစ် ပစ္စုပ္ပန်နှင့် အနာဂတ်ကိုပဲဖြစ်ဖြစ် ကြည့်လိုက်ပါက မှောင်မိုက်မှုမှ တပါး တခြားဘာမှ တွေ့မြင်နိုင်စရာမရှိ။ မည်သို့ဖြစ်စေ အမှောင်တွင်း၌ နေထိုင်ခြင်းကို ကျေနပ်နေသူတို့အတွက်ကား အလင်းရောင်သည် အလွန်ထိတ်လန့်စရာ ဖြစ်နေမည် အမှန်။

အီရတ်၏ လက်ရှိအခြေအနေသည် ဆက်ဒမ်ဟူစိန်၏ အမှောင်ခေတ်ထက်ကား များစွာ သာလွန်သည်ဟု ဆိုရမည်။ အနည်းဆုံးအားဖြင့် အလင်းရောင်လွှမ်းမိုးသည့် အနာဂတ်တခု ရှိနေသည်ကိုတော့ ဝန်ခံရ ပါလိမ့်မည်။ သို့သော် ယင်းအနာဂတ်တွင်  အာဏာရှင်စနစ်ကို ထောက်ခံပြီး ပြစ်မှုကျူးလွန်ခဲ့သူတို့ အတွက်ကား နေရာရှိမည်မဟုတ်။ အလင်းရောင် ရောက်လာလျှင် အမိုက်မှောင် ပျောက်ကွယ်ရမြဲ မဟုတ်ပါလား။

ထိုကြောင့် ဆက်ဒမ်၏ ဘ၀နိဂုံးမျိုးနှင့် မကြုံတွေ့ရန်အတွက်လည်းကောင်း၊ မြန်မာပြည်သူတို့၏ တိုးတက် ဖွံ့ဖြိုးမှုကို အားပေးကူညီရန်အတွက်လည်းကောင်း  အီရတ်ဖြစ်ရပ်ကို သင်ခန်းစာယူပြီး ပြောင်းလဲရမည့်သူများမှာ စစ်အာဏာရှင်နှင့် သူ၏ဘက်တော်သားများသာ ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။     ။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.