#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

စာမျက်နှာသစ်လော၊ ဓာတ်ပြားဟောင်းကြီးလော

မြန်မာနိုင်ငံမှ ပြန်လာပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် မစ္စတာဂန်ဘာရီက မြန်မာစစ်အစိုးရ သည် စာမျက်နှာသစ် ဖွင့်လှစ်ရန် ဆန္ဒရှိနေသည့်အကြောင်း ပြန်လည် ပြောပြလိုက်သည့်အခါ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်တို့ အပါအ၀င် လူအများအပြား ၀မ်းမြောက် ၀မ်းသာဖြစ်သွားကြသည်။ အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်တယောက် ပြန်လည် လွတ်မြောက်လာတော့မည့် နိမိတ်ပြစကားဟု ကောက်ယူကာ အင်းလျားရိပ်သာလမ်းသို့ သွားပြီး အကြို ထောက်သူတို့က ထောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီးကလည်း အလွန် သဘောမနောကောင်းသည့် အသွင်ဖြင့်  မစ္စတာဂန်ဘာရီအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေး လိုက်ခြင်းကလည်း မစ္စတာဂန်ဘာရီအတွက်ရော သူ့စကားကြောင့် ၀မ်းမြောက်ဝမ်းသာဖြစ်နေသူတို့အတွက်ပါ မျှော်လင့်ချက်အထောက်အပံ့ကြီး တခု ဖြစ်နေခဲ့သည်။ သို့သော် ယင်းမျှော်လင့်ချက်၏ သက်တမ်းကား တိုတောင်းလှပေ၏။ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း တနှစ်ထပ်တိုးပေးလိုက်ခြင်းဖြင့် မျှော်လင့်သူတို့၏ ရင်ဝကို စစ်ဖိနပ်ဖြင့် ဆောင့်ကန်လိုက်ပေသည်။

ဗိုလ်ချုပ်မှူးကြီးရည်မှန်းသည့် စာမျက်နှာသစ်သည် အများပြည်သူ လိုလားတောင့်တသည့် စာမျက်နှာမျိုး မဟုတ်သည်မှာတော့ သေချာသည်။ ဗိုလ်ချုပ်မှူးကြီးကြွေးကြော်နေသည့် စည်းကမ်းရှိသော ဒီမိုကရေစီနှင့်  အများပြည်သူ လိုလားသည့် ဒီမိုကရေစီတို့ လားလားမျှမတူဘိသကဲ့သို့ စာမျက်နှာသစ် ဆိုသည်ချင်းလည်း ဖြောင့်ဖြောင့်ကြီးခြားနားနေပုံရသည်။ ဤသည်မှာ  ထူးဆန်းသည့်အဖြစ်ကား မဟုတ်။ ဗိုလ်ချုပ်မှူးကြီးသည် ပြည်သူလူထု၏ ဆန္ဒကို မထေမဲ့မြင်ပြုခြင်းဖြင့် ကမ္ဘာ့အဆိုးဆုံးအာဏာရှင်စာရင်းတွင် တတိယနေရာကို ဆွတ်ခူးနိုင်ခဲ့သူ မဟုတ်ပါလော။

 စစ်ဖိနပ်ဒဏ်ကို နင့်နင့်သည်းသည်းခံရပြီး မရှူနိုင် မရှိုက်နိုင်ဖြစ်သွားရသူအထဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် ပါဝင်သွားရခြင်းကား မြန်မာပြည်သူတို့အနေနှင့် အလွန်စိတ်မကောင်းစရာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်အရေးအတွက် မပါမဖြစ်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါမည့်အကြောင်း ကမ္ဘာ့ခေါင်းဆောင်တယောက်အနေနှင့် ပန်ကြားချက်သည် ဗိုလ်ချုပ်မှူးကြီး၏ အသိပညာကင်းမဲ့သော ဦးခေါင်းအတွင်းသို့ ၀င်ရောက်နိုင်ခြင်း မရှိခဲ့။ ထိုင်းပြည်သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ထိုင်းဘုရင်ကြီး ဘူမိဗောနှင့် တွေ့ဆုံရာမှ ရရှိခဲ့သည့် မစ္စတာအာနန်၏ ၀မ်းမြောက်ရွှင်လန်းမှုတို့သည် မြန်မာပြည်သူတို့အား ဆင်းရဲဒုက္ခတွင်းသို့ တွန်းပို့နေသည့် ဗိုလ်ချုပ်မှူးကြီး၏ ရိုင်းပျရင့်သည်းမှုကြောင့် ပျက်စီးသွားရသည်ကား အမှန်ပင်။ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ သတင်းထောက်တို့၏ မေးမြန်းချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် တခွန်းတပါဒပင် ပြန်မပြောနိုင်ခဲ့။ ဤအချက်ဖြင့် သူအဘယ်မျှ စိတ်ထိခိုက်ကြောင်း ခန့်မှန်းနိုင်ပါသည်။

စစ်အစိုးရသည်  စာမျက်နှာသစ်ဟူသော ကစားပွဲတခုကို ခင်းကျင်းလိုက်လေပြီ။ ယင်းစာမျက်နှာသစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပါဝင်မည်မဟုတ်ဟုလည်း အတိအလင်းပြသလိုက်လေပြီ။ စစ်အစိုးရ၏ စာမျက်နှာသစ်သည် မည်သည်ကို ဆိုလိုသနည်း။ သိပ်ခက်သည့် မေးခွန်းကားမဟုတ်။

စစ်အစိုးရသည်  အေးချမ်းသာယာရေးဟု ကြွေးကြော်ပြီး စစ်မီးများကို မွှေးခဲ့၏။ ဖွံ့ဖြိုးရေးဟု ကြွေးကြော်ပြီး ဆင်းရဲတွင်းကို တူးခဲ့၏။  ဒီမိုကရေစီ ဟု ကြွေးကြော်ပြီး စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်ကြိုးပမ်းနေခဲ့၏။ သို့ဖြစ်ရာ စာမျက်နှာသစ်ဟူသော ကြွေးကြော်သံသည် ယခင်အတိုင်း လိမ်မြဲလိမ် နှိပ်စက်မြဲနှိပ်စက် ဖိနှိပ်မြဲဖိနှိပ် မည်ကို ဆိုလိုခြင်းမှတပါး အခြားမဟုတ်နိုင်။ဓာတ်ပြားဟောင်းကြီးကိုပင် ပြန်ဖွင့်တော့မည့်သဘော။

သို့ဆိုလျှင် ကျွန်ုပ်တို့ ပြည်သူများကရော။ စာမျက်နှာသစ်လော။ ဓာတ်ပြားဟောင်းကြီးလော။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.