ကျွန်ုပ်တို့ ဘာကို မျှော်လင့်ရမည်နည်း
မျှော်လင့်ချက်နှင့် အသက်ရှင်သည့်လူမျိုးတွင် ကျွန်ုပ်တို့မြန်မာလူမျိုးများ ထိပ်တန်းကဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ ရမည်ဆို၍ မျှော်လင့်နေခဲ့ရသည်မှာ ယခုဆိုလျှင် ၁၆ နှစ် တင်းတင်း ပြည့်တော့မည်။ ပြည်သူက ရွေးကောက်ထားသည့် အမတ်များမှာ ပြည်သူ့လွှတ်တော် အဆောက်အဦ အနီးသို့ ကပ်ရဖို့နေနေသာသာ ဟိုနိုင်ငံ သည်နိုင်ငံများသို့ ပြေးသူပြေး၊ ထောင်ထဲမှာ အခြေကျသူကျ၊ အမျိုးမျိုးသော ဖိနှိပ်ညှင်းပမ်းမှုများကြောင့် ဘ၀တပါး ပြောင်းသူပြောင်းနှင့် ဆင်းရဲဒုက္ခရောက်ဖို့ အရွေးခံရလေရော့သလားဟုပင် ထင်ရသည်။
သို့သော် အမတ်မင်းများကား ဇွဲမလျှော့ကြပါ။ ရွေးကောက်ပွဲရလဒ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒီမိုကရေစီမျိုးစေ့လေး မပျောက်ဆုံးရအောင် တတ်နိုင်သမျှကြိုးစားကြသည်။ စစ်အစိုးရကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တက်ရောက်လာနိုင်ရန် ချော့တခါ ချောက်တလှည့် လျှော့တခါ တင်းတလှည့် ကြိုးပမ်းကြသည်။ သည်လိုနှင့် ကျွန်ုပ်တို့၏အမတ်များနှင့် ပြည်သူပြည်သားများသည် ဧည့်စာရင်း တိုင်ရခြင်း ဒုက္ခ၊ လုပ်အားပေးရခြင်းဒုက္ခ၊ ပေါ်တာလိုက်ရခြင်းဒုက္ခ စသည့်ဆင်းရဲဒုက္ခအပေါင်းကို အောင့်အည်း သည်းခံရင်း ဒီမိုကရေစီ အသီးအပွင့်ကို မျှော်လင့်စောင့်စားနေကြသည်။
စစ်အစိုးရကား ရွေးကောက်ပွဲ၏ ရလဒ်ကို အသိအမှတ်ပြုဖို့ထက် အမတ်မင်းများအား ဇိဝိန်ချွေရန်ကို ပိုပြီးလိုလားနှစ်သက်သည်။ ရွေးကောက်ပွဲ အကြောင်းကို မေ့ချင်ယောင်ဆောင်ပြီး စစ်တပ်အားရှိဖို့ အရေးကြီးကြောင်းကိုသာ တွင်တွင်ပြောသည်။ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်သို့ ရောက်ဖို့ လမ်းပြမြေပုံတွေ ဆွဲရဦးမည်ဆိုကာ အမျိုးသားညီလာခံကို ကျင်းပလာသည်မှာလည်း ဆယ်နှစ်ဆယ်မိုး ကျော်ပြီ။
သည်ကာလအတွင်းမှာပင် စစ်အစိုးရ၏ ၀န်ကြီးဆိုသူတွေရော ၀န်ကြီးချုပ်ဆိုသူရော ပြုတ်သူပြုတ် ထောင်ကျသူကျ။ လာဘ်ပေးလာဘ်ယူ လုပ်သည်ဆိုပါကလား၊ စီးပွားရေးသောင်းကျန်းသည် ဆိုပါကလား၊ အာဏာသိမ်းရန် ကြံစည်သည် ဆိုပါကလား။
ဖြုတ်ထုတ်ချုပ်ခြင်းခံရသော ထိုထို ၀န်ကြီးချုပ်နှင့် ၀န်ကြီးများသည် စည်းကမ်းရှိသော ဒီမိုကရေစီဆိုသည့် စကားလုံးကို တလျောက်လုံး ပြောခဲ့ကြသူများဖြစ်သည်။ ဒီပဲယင်း လူသတ်မှုကြီးကို စီမံခဲ့သော ယခုလက်ရှိ ၀န်ကြီးချုပ်နှင့် ၀န်ကလေးများလည်း ပြော၍ကောင်းတုန်း။ သူတို့လည်း မျှော်လင့်ချက်နှင့် အသက်ရှင်နေသူ များပင် ဖြစ်သည်။ အာဏာကို မလွှတ်တမ်းဆုပ်ကိုင်ရင်း အနာဂတ်ကာလ မြန်မာနိုင်ငံတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ရေးကို အာသာငမ်းငမ်းမျှော်လင့်နေကြသည်။
ပြီးခဲ့သည့် ပြည်ထောင်စုနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရသည့်အမတ်များဖြင့် လွှတ်တော်ခေါ်ပေးပါ။ ယင်းလွှတ်တော်က စစ်အစိုးရကို တရားဝင်အစိုးရအဖြစ် ပြန်လည်သတ်မှတ် ကြေညာ ပေးမည်ဟူ၏။ ဤကြေညာချက်ကို အဖွဲ့ချုပ်၏ အထူးကောင်းမွန်သော လုပ်ရပ်အဖြစ် ပြည်တွင်းကရော နိုင်ငံတကာကပါ ၀ိုင်းဝန်းထောက်ခံကြ သည်။ သို့သော် နောက်ဆုံးထား၍ အကြောင်းပြန်ပါဟူသော နေ့ရက်ကို လွန်သွားသည့်တိုင် စစ်အစိုးရကတော့ တုတ်တုတ်မျှမလှုပ်။
လွန်ခဲ့သည့်အပတ်က အဖွဲ့ချုပ်သည် အထူးကြေညာချက်တရပ်ကို ထပ်မံထုတ်ပြန်လိုက်သည်။ ယင်းမှာ ပြည်ထောင်စုနေ့ကြေညာချက်ကို ပဲ့တင်ထပ်လိုက်ခြင်းသာဖြစ်သည်။ လွှတ်တော်ခေါ်ပါ။ စစ်အစိုးရကို တရားဝင်အစိုးရဖြစ်အောင် လုပ်ပေးမည်။သို့မှ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုမှုနှင့် အကူအညီကို ရမည်။ သို့မှ မြန်မာနိုင်ငံ၏ အကြပ်အတည်းအပေါင်း ကို ဖြေရှင်းနိုင်မည်။
စင်စစ် ဤကဲ့သို့သော အကြံပြုချက်မျိုးမှာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ရှိခဲ့ပြီးသားဖြစ်ပါ၏ ၁၉၆၈ ခုနှစ်က ဗိုလ်ချုပ်နေ၀င်း၏ စစ်အစိုးရသည် ဦးနု၊ ဦးကျော်ငြိမ်း အစရှိသည့် နိုင်ငံခေါင်းဆောင်ဟောင်းများကို နိုင်ငံတော်အတွက် အကြံပေးကြရန် မေတ္တာရပ်ခံခဲ့ဖူးသည်။ သုံးဆယ့်သုံးဦး အကြံပေးချက်ဟု လူသိများသည်။ ထိုစဉ်က ဦးနု၏အကြံပေးချက်မှာ အဖွဲ့ချုပ်၏ ယခုကြေညာချက်နှင့် ထူးမခြားနား။ ဗိုလ်ချုပ်နေ၀င်းသည် သူ့ထံမှ အာဏာသိမ်းယူသွားခြင်း ဖြစ်သည့်အတွက် ယင်းအာဏာကို မူလပိုင်ရှင်ဖြစ်သည့်မိမိအား ပြန်ပေးပါ။ ထိုနောက် မိမိက ဗိုလ်ချုပ်နေ၀င်းကို တရားဝင် အာဏာ အပ်နှင်းမည်ဟူလို။
သုံးဆယ့်သုံးဦး အကြံပေးချက်ထွက်ပေါ်လာပြီးသည့်နောက်တွင် မြန်မာ့နိုင်ငံရေးသမိုင်း၌ မည်သို့ ဆက်ဖြစ်ခဲ့သနည်း။ စစ်အစိုးရက အကြံပေးချက်အားလုံးကို ပယ်ချသည်။ အာဏာကို သိမ်းယူခဲ့သည့် စစ်အစိုးရက ဦးနုကို အာဏာမက်သူအဖြစ် စွပ်စွဲသည်။ ဦးနုက ပြည်ပသို့ထွက်ကာ စစ်အစိုးရကို တော်လှန်တိုက်ခိုက်သည်။ စစ်အစိုးရက ၁၉၇၄ ခုနှစ်တွင် တပါတီကြီးစိုးရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းကာ အရပ်သားအစိုးရအဖြစ်သို့ ကူးပြောင်းအုပ်ချုပ်သည်။
ပြည်သူတွေ ဘာဖြစ်ခဲ့သနည်း။ စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် ကျောကော့ခံရင်း ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံသူနိုင်ငံသားများအဖြစ်သို့ ရောက်ခဲ့သည်။ ထိုနောက် ဆင်းရဲကြပ်တည်းမှုနှင့် အနိုင်ကျင့်အုပ်ချုပ်မှုတို့ကို မခံနိုင်တော့သည့်အဆုံး ၈၈ အရေးတော်ပုံကြီးဖြစ်ပြီး ထောင်ပေါင်းများစွာသော အသက်များ ဆုံးရှုံး ခဲ့ရပါသည်။
စစ်အစိုးရအနေနှင့် သမိုင်းကို သင်ခန်းစာယူတတ်မည်ဆိုလျှင် အဖွဲ့ချုပ်၏ ကြေညာချက်ကို ၀မ်းပန်းတသာ လက်ခံပြီး တရားဝင် အစိုးရတရပ်ကို ပူးပေါင်းဖန်တီးရပါမည်။ သို့မှသာ မြန်မာနိုင်ငံသည် ကမ္ဘာ့မြေပုံပေါ်တွင် ထည်ထည်ဝါ၀ါဆက်လက်ရပ်တည်နိုင်ပါမည်။ သို့သော် လက်ရှိ စစ်အစိုးရသည် ရက်စက်ကြမ်းကြုတ်သည့် နေရာတွင်လည်းကောင်း လိမ်လည်လှည့်ဖျားသည့်နေရာတွင်လည်းကောင်း မိုက်မဲသည့်နေရာတွင် လည်းကောင်း ဗိုလ်ချုပ်နေ၀င်းအစိုးရထက် များစွာလွန်ကဲလေရာ သမိုင်းမှသင်ခန်းစာယူဖို့ထက် ပိုမိုညစ်ထေးသောသမိုင်းကို ဖန်တီးလိမ့်မည်ဟုသာ မျှော်လင့်ရသည်။
သို့ဖြစ်ရကား ကျွန်ုပ်တို့ပြည်သူများသည် သမိုင်းကို သင်ခန်းစာယူသည့်အနေနှင့် အဆိုးဆုံးဖြစ်ရပ်များကို မျှော်လင့်ပြီး နောက်ထပ် အရေးတော်ပုံကြီးတရပ်ကို ဆင်နွှဲရန်သာ ပြင်ဆင်ထားကြရပါလိမ့်မည်။ ။ |