#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အတုယူစရာ ထိုင်းနိုင်ငံရေးယဉ်ကျေးမှု

ထိုင်းဝန်ကြီးချုပ်သက်ဆင်က ရွေးကောက်ပွဲအပြီး ရက်ပေါင်း၃၀ အတွင်းဖွဲ့စည်းမည့် အစိုးရအသစ်တွင် သူပါဝင်တော့မည် မဟုတ်ကြောင်း ကြေညာလိုက်သဖြင့် တင်းမာနေသော ထိုင်းနိုင်ငံရေးသည် ရုတ်ချည်းပြေလျော့သွားသည်။

ထိုင်းလူမျိုးအချင်းချင်း ချစ်ကြည်စည်းလုံးစွာနေထိုင်သည်ကို မြင်လိုကြောင်းနှင့် ‘ ပြီးတာတွေ ပြီးပါစေတော့ ’ ဟု ပြောလိုက်သော ၀န်ကြီးချုပ်၏ စကားသည် ယဉ်ကျေးသော ထိုင်းလူမျိုးတို့၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်သာမက ထိုင်းနိုင်ငံ၏ နိုင်ငံရေးသမိုင်း တွင်လည်း ဂုဏ်ယူဖွယ် စကားကိုးတခုအဖြစ် မော်ကွန်းတင် ကျန်ရစ်မည် ဖြစ်သည်။

မျက်ရည်ဝဲ၀ဲနှင့် ကြေညာသွားသော ၀န်ကြီးချုပ်၏ အသွင်အပြင်မှာ ယခင်ရက်များက တွေ့မြင်ရသော မာမာတောင့်တောင့်ပုံစံနှင့် အခြားနားကြီး ခြားနားနေသဖြင့် ဂရုဏာသက်စရာ ဖြစ်သော်လည်း  စင်စစ် လေးစားဖွယ် ပို၍ကောင်းပါ၏။ ပြည်သူလူထုကို အရေးထားခြင်း၊ အမှန်တရားကို လက်ခံဝံ့ခြင်း၊ စွန့်လွှတ်ရဲခြင်း စသည့် ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းများကို မြင်တွေ့ရလေရာ နောက်လာမည့် ထိုင်းနိုင်ငံရေး ခေါင်းဆောင်တို့ အတွက် အတုယူစရာ ဖြစ်သည်။

အာဏာကို ရယူရာတွင် ဖြစ်စေ ၊ပြန်လည်စွန့်လွှတ်ရာတွင်ဖြစ်စေ သိမ်မွေ့ယဉ်ကျေးသော အပြုအမူဖြင့် ဆောင်ရွက်ခြင်းသည် နိုင်ငံရေး ယဉ်ကျေးမှု ဖြစ်၏။ လက်နက်ဖြင့် ခြိမ်းခြောက်၍ အာဏာကို အပိုင်စီးခြင်း ၊ အာဏာကို ထိပါးလာလျှင် အကြမ်းဖက်သည့် နည်းတို့ဖြင့် ချေမှုန်းခြင်း စသည်တို့ကား နိုင်ငံရေးရိုင်းစိုင်းမှုများ ဖြစ်၏။ ထိုကြောင့် ၀န်ကြီးချုပ် သက်ဆင်၏ အပြုအမူသည် လူယဉ်ကျေးတို့အတွက် အတုယူဖွယ် ဖြစ်သည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတို့ကို ထိန်းသိမ်းလိုသူများ လိုက်နာအပ်သည့် အပြုအမူ ဖြစ်သည်။

ထိုင်းနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုသည်လည်း ဤသို့သော ယဉ်ကျေးမှုများ၏ အကျိုးရလဒ် ဖြစ်သည်။ ယဉ်ကျေးသော နိုင်ငံရေးစနစ်ကြောင့် နိုင်ငံရေးတည်ငြိမ်မှုကို ရရှိခဲ့ပြီး ထိုမှတဆင့် စီးပွားရေးတို့ အရှိန်အဟုန်ကြီးစွာ တိုးတက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဆင်းရဲသော နိုင်ငံများကို ကြည့်လိုက်လျှင် နိုင်ငံရေးမတည်ငြိမ်မှုကိုလည်းကောင်း လူအချင်းချင်း ဖိနှိပ်အုပ်စိုးခြင်း ဟူသော နိုင်ငံရေးရိုင်းစိုင်းမှုတို့ကိုလည်းကောင်း ဧကန်တွေ့မြင်ရမည် ဖြစ်သည်။  

ဤသည်ကို ထိုင်းဝန်ကြီးချုပ်က ပြက်ပြက်ထင်ထင်သိမြင်သဖြင့် ‘ ကျွန်ုပ်တို့ ကလေးများဟာ ယခုထက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို လိုအပ်နေပါတယ်။ ကျွန်ုပ်တို့ လူကြီးများအချင်းချင်း ရန်ဖြစ်နေကြမယ်ဆိုရင် တိုင်းပြည်ပျက်စီးသွားရုံပဲ ရှိမယ် ’ ဟု သူ၏ ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတခု မငြိမ်းချမ်းခြင်း  ပဋိပက္ခများဖြစ်ပွားခြင်း နှင့် ချွတ်ခြုံကျဆင်းရဲမွဲတေခြင်းတို့သည် နိုင်ငံရေးရိုင်းစိုင်းမှုတို့တွင် အရင်းခံသကဲ့သို့ နိုင်ငံတနိုင်ငံ၏ ငြိမ်းချမ်းသာယာရေး၊ စည်းလုံး ညီညွတ်ရေး နှင့် တိုးတက်ဖွံ့ဖြိုးရေးသည်လည်း နိုင်ငံရေးယဉ်ကျေးမှုတွင် အဓိကအခြေခံ သည်ဟု ဧရာဝတီက ယုံကြည်ပါသည်။    ။

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.