စစ်အစိုးရလက်အောက်တွင် သက်ဆိုးရှည်ရဦးမည့် မြန်မာနိုင်ငံ
၆၁ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခန်းအနားတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က မိန့်ခွန်းပြောသွားရာ စစ်အစိုးရက ဖန်တီးမည့် အနာဂတ်မြန်မာနိုင်ငံကို ကွင်းကွင်း ကွက်ကွက် မြင်နိုင်လေပြီ။
(တပ်မတော်ကို သည့်ထက် အင်အားကောင်းအောင် တိုးချဲ့မည်။ တပ်မတော်က တာဝန် ယူထားသော ကာကွယ်ရေးလုပ်ငန်းတွင် နိုင်ငံသားတိုင်း ပါဝင်ရမည်။ နိုင်ငံရေး နှင့် စီးပွားရေးတွင် တပ်မတော်က ဆက်လက်ပါဝင်မည်။ ဒီမိုကရေစီကတော့ ဖြည်းဖြည်းပေါ့)
ဟူ၏။ ဆိုလိုသည်ကား မြန်မာနိုင်ငံကို စစ်အစိုးရကပင် ဆက်လက်အုပ်စိုးသွားမည်ဟု အသိပေးကျေညာသွားခြင်း ဖြစ်သည်။
လက်ရှိစစ်အစိုးရအနေနှင့် အာဏာသိမ်းယူခဲ့သည့်၁၉၈၈ ခုနှစ်မှ စ၍ ယနေ့ထက်တိုင် ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ခဲ့သမျှမှာ စစ်အစိုးရတည်မြဲရေးသာ ဖြစ်သည်။ ထိုကြောင့်ပင် မဟုတ်လော။ ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားသို့ ပြန်မည်ဟုပြောလိုက်မိသော
ဗိုလ်ချုပ်မှူးကြီးစောမောင်သည် စောစောစီးစီး အနားယူသွားခဲ့ရရှာသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိန့်ခွန်းကတော့ ရှင်းသည်။ စစ်အစိုးရအနေနဲ့ စစ်တန်းလျားသို့ ပြန်ဖို့ စိတ်ကူးမရှိ။ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ ဆက်လက်ပါဝင်ဦးမည်ဟု ဆိုသည်။ လောလောဆယ် အရေးအကြီးဆုံးက စစ်အင်အားကို ပိုမိုတောင့်တင်းအောင် လုပ်ရမည်တဲ့။
မြန်မာနိုင်ငံ၏ စစ်တပ်အင်အား သည် ၁၉၈၈ မှ စ၍ အလျင်အမြန်ကြီးထွားလာခဲ့သည်။ တသိန်းခုနစ်သောင်းလောက်သာ ရှိခဲ့သည့် စစ်တပ်သည် ယခုဆိုလျှင် လေးသိန်းကျော်နေပြီ။ စစ်အသုံးစားရိတ်ကလည်း ကြောက်ခမန်းလိလိ။ လေ့လာသူတချို့၏အဆိုအရ လတ်တလော
ကာလအတွင်း တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်းနှစ်ထောင်ဝန်းကျင်ရှိသည်။
စစ်အစိုးရအာဏာသိမ်းပြီးနောက်တွင် စစ်တပ်ပိုင် ဆေးကျောင်းများ အင်ဂျင်နီယာကျောင်းများ စီမံခန့်ခွဲမှုကျောင်းများ အလျှိုလျှိုပေါ်ပေါက်လာခဲ့သည်။ စစ်ပညာ မသင်မနေရ ဆိုကာ ၀န်ထမ်းတိုင်းကို စစ်သင်တန်းများ တက်ခိုင်းနေသည်။ ဤအချက်အလက်များအရ စစ်အစိုးရသည် စစ်အင်အားကို တိုးချဲ့ရာတွင် အရပ်သားတိုင်းသူပြည်သားများကိုလည်း မသိနိုးနား လှည့်ဖျား သိမ်းသွင်းနေကြောင်း ထင်ရှားသည်။
သို့သော် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက်မူကား (အချိန်ထု)လိုမည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောပါသည်။ ဘာလဲ အချိန်ထု။
(ထု) ဆိုသည်မှာ အများအပြားဟု အဓိပ္ပါယ်ရှိသည်။ ထိုကြောင့် အချိန်ထု ဆိုသည်မှာ အချိန်တွေ အများကြီး လိုသည်ဟု ရိုးရိုးရှင်းရှင်းပွင့်ပွင့်လင်းလင်း မပြောရဲသောကြောင့် တမင်ထွင်၍ မလိမ့်တပတ် သုံးစွဲလိုက်သော စကားလုံးဖြစ်သည်။
ဘာကြောင့် အချိန်တွေ အများကြီး လိုရမည်လဲ။
(ပါတီစုံဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးမှ အကြမ်းဖက်မှု အန္တရာယ်မှ ကင်းဝေးမှာ ဖြစ်ပြီး တိုင်းရင်းသားတွေ စားဝတ်နေမှု ဖူလုံကြွယ်ဝမှလည်း ငွေကြေးနဲ့ဖြားယောင်းမှုကို ပယ်လှန်နိုင်မှာ ဖြစ်သလို ပညာရည် မြင့်မားမှလည်း အလိမ်အညာ မခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ တပ်မတော်နဲ့ပြည်သူတို့ ဆောင်ရွက်နေခြင်းဟာ ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် ဖြစ်ပြီး သည်လုပ်ငန်းတွေဟာ အချိန်ထုနဲ့ ဖော်ဆောင်ရတဲ့ လုပ်ငန်းတွေဖြစ်ကြောင်း ပြောကြားလိုတယ်)ဟူသော ဗိုလ်ချုပ်မှူးကြီး၏စကားတွင် အကြောင်းနှင့်အကျိုး ပြောင်းပြန်လုပ်ပြီး ပြောသွား သည်ကို သတိမူမိသည်။
အကယ်စင်စစ် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့က ပါတီစုံဒီမိုကရေစီကို ချက်ချင်းလက်ငင်း အလိုရှိနေခြင်းမှာ စစ်အစိုးရလက်အောက်တွင် တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ စားဝတ်နေမှု မဖူလုံခြင်း၊ ပညာရေး ဆုတ်ယုတ်နိမ့်ကျလာခြင်းတို့ကြောင့် ဖြစ်ပါသည်။ စစ်အစိုးရ၏ အာဏာရှင်စနစ်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော ပါတီစုံဒီမိုကရေစီစနစ်ကသာလျှင် ဥပဒေရေး စီးပွားရေး ပညာရေးတို့ကို အစွမ်းထက်ထက်မြှင့်တင်ဖော်ဆောင်နိုင်မည် ဖြစ်သောကြောင့် ဒီမိုကရေစီစနစ်ကို အရေးတကြီးတောင်းဆိုနေခြင်း ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီစနစ်က အကြောင်းဖြစ်၍ ဥပဒေစိုးမိုးရေးနှင့် စီးပွားရေးပညာရေး တိုးတက်မှုက အကျိုးဖြစ်သည်။ အကြောင်းကို ဖယ်ရှားပြီး အကျိုးရလာဒ်ကို အရင်ရအောင် လုပ်ကြ ရမည်ဟု ပြောနေခြင်းမှာ ဗိုလ်ချုပ်မှူးကြီး၏ ပညာမဲ့မှုကိုလည်းကောင်း၊ မရိုးသားသည့် စိတ်ဆန္ဒကိုလည်းကောင်း အရှက်ကင်းမဲ့စွာ ဖွင့်လှစ်ပြခြင်းပင် ဖြစ်သည်။
ပါတီစုံဒီမိုကရေစီစနစ်ကို ဘေးဖယ်ပြီး အထက်ပါလုပ်ငန်းများကို လုပ်မည်ဆိုလျှင် (အချိန်ထု) လိုမည်ဟု ပြောခြင်းထက် (အကန့်အသတ်မဲ့သော အချိန်) ကို လိုသည်ဟု ပြောမှ မှန်ပါမည်။
မကြာခင်က မြန်မာနိုင်ငံမှ ပြန်လာသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာယက်ဟာမစ်က စစ်အစိုးရ၏ ဒီမိုကရေစီအရေး ဖော်ဆောင်မှုသည် အလွန်နှေးကွေးကြောင်း ဘာလီ အစည်းအဝေးတွင် ပြောကြားလိုက်သည်ကို ကြည့်လျှင် စစ်အစိုးရ၏ ရည်မှန်းချက်မှာ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးမဟုတ်ကြောင်း သိသာသည်။ ဒီမိုကရေစီ လမ်းပြမြေပုံကို အယောင်ပြပြီး တိုင်းပြည်တခုလုံးကို စစ်အစိုးရလက်အောက်တွင် ထာဝရတည်နေအောင် လုပ်ဖို့ကြိုးစားနေခြင်းသာ ဖြစ်သည်။
ထိုကြောင့် ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းသည် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း၏ ဒီမိုကရေစီ မျှော်လင့်ချက်ကို ထုချေဖျက်ဆီးလိုက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို စိန်ခေါ် လိုက်ခြင်းသာ ဖြစ်သည်ဟု ဧရာဝတီက ယူဆပါကြောင်း။ ။ |