#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

လူမိုက်နောက်လိုက် ပညာရှင်များ

လွန်ခဲ့သည့် သင်္ကြန်အတွင်းက အိန္ဒိယမှ ထုတ်ဝေသည့် သံချပ်ခွေတွင် ပညာရှင်ဆိုသူများအား ဝေဖန်ထားသည့် အချက်ကို သတိထားမိသည်။ ပညာရှင်ဆိုပြီး မိုက်မဲသည့်အလုပ်များကို လုပ်ကြခြင်းအပေါ် သတိပေး ဝေဖန်ချက်ဟု နားလည်မိသည်။

တနေ့ကလည်း မြန်မာ့တော်လှန်ရေး၏ ရန်သူများဟူသော စာရင်းတခုတွင် ပညာရှင်များပါဝင်နေသည်ကို မြင်ရပြန်သည်။ ပညာရှင်အမည်ခံပြီး အဖြူအမည်း ကွဲကွဲပြားပြားမရပ်တည်သည့်အတွက် (သို့မဟုတ်) မိုက်မဲသူများဘက်တွင်ရပ်တည်သည့် အတွက် ထည့်သွင်းထားခြင်းဟု သဘောပေါက်မိသည်။

မြန်မာပြည်သို့ ပြန်ပြီး တကိုယ်တော်ဆန္ဒပြမည့် ဒေါက်တာဆလိုင်းထွန်းသန်းကတော့ ပညာရှင်များ၏ “အချောင်ခိုပုံ”ကို ရှုံ့ချပြောသည်။ တိုင်းပြည်က အဘက်ဘက်မှာ ချွတ်ခြုံကျနေသည်။ တိုင်းသူပြည်သားများ ခံစားနေရသည့် ဒုက္ခတွေက ပင်လယ်ဝေနေသည်။ မိုက်မဲသော စစ်ဝါဒီများက တရားဝင်အစိုးရအဖြစ် ရောက်အောင် လိမ်လည်လှည့်ဖျားသောနည်း မျိုးစုံဖြင့် ကြိုးစားနေကြသည်။ သည်အချိန်တွင် ပညာရှင်များက ကိုယ်နှင့်မဆိုင်သလို၊ ဘာမှ မသိမမြင်သလို ပါးစပ်ပိတ် နေခြင်းသည် သင့်ပါ၏လော။ ပြည်သူ့ဘက်ကို ဆန့်ကျင် ကျောခိုင်းပြီး အဓမ္မ၀ါဒီ စစ်ဗိုလ်ချုပ်များအား လက်ကမ်းမျက်စ ပစ်နေခြင်းသည် လျော်ကန်ပါ၏လော။

ပညာရှင်ဟူသည် အဘယ်နည်း။ ပညာရှင်၏အလုပ်သည် အဘယ်နည်း။

ပညာဟူသည့်စကားလုံးသည် အမှန်အမှားခွဲခြားသိမြင်ခြင်းဟု အနက်အဓိပ္ပါယ်ရှိသည်။ သို့ဆိုလျှင် ပညာရှင်ဟူသည် အမှန်နှင့်အမှား၊ တရားနှင့်မတရားကို ပြတ်ပြတ်သားသား ပိုင်းခြားသိမြင်သူဟု ဆိုရမည်။ သည့်ထက်နည်းနည်း ပို၍ ဖြန့်ကျက်ကြည့်လျှင် ပညာရှင်ဟူသည် အများပြည်သူတို့အတွက် ဤကားအမှား ဤကားအမှန်ဟု ညွှန်ပြဦးဆောင်နိုင်သူ ဖြစ်ပေသည်။ ပညာကို မီးရှူးတန်ဆောင်နှင့် ပမာပြုလေရာ ပညာရှင်သည် မီးရှူးတန်ဆောင်ကို ထွန်းညှိပြီး အလင်းရောင်ကို ပေးဝေသူ ဖြစ်ရပေမည်။ ဤစံဖြင့် တိုင်းတာလျှင် တချို့သော မြန်မာပညာရှင်များသည် ပညာရှင်ဟူသောဘွဲ့ထူးနှင့် လားလားမျှ မထိုက်တန်သူများ ဖြစ်ပေသည်။

လက်ဝဲ၀ါဒီတို့က ပညာတတ်ဉာဉ် ဟူသောစကားလုံးဖြင့် အချောင်သမားဝါဒကို ကျင့်သုံးသည့်ပညာရှင် ဆိုသူများကို ဝေဖန်တတ်သည်။ အခြေခံကျင့်ဝတ်စည်းမျဉ်း (Principle) မရှိဘဲ အခွင့်အလမ်းကောင်းကိုသာ ချောင်းမြောင်းနေ တတ်သည့် အမူအကျင့်မျိုးကို ဆိုလိုခြင်းဖြစ်သည်။ စွန့်လွှတ်စွန့်စားရသည့်အလုပ်ဆိုလျှင် ဝေးဝေးကရှောင်ခြင်း၊ ရပ်တည်ရမည့် နေရာနှင့်ပတ်သက်လျှင် ဘာမှပြတ်ပြတ်သားသားမရှိဘဲ တွေဝေနေတတ်ခြင်း (ဤသည်ကိုပင် ဗုဒ္ဓနည်းကျ အလယ်အလတ်လမ်းဖြစ်သယောင်ယောင် ပြောတတ်သေးသည်)၊ အခွင့်အလမ်းရဖို့ဆိုလျှင် ရာဇ၀တ်ကောင်အာဏာရှင် များအား “ကပ်ဖားယပ်ဖား” လုပ်ရန် ၀န်မလေးခြင်း စသည့် အောက်တန်းကျသော အမူအကျင့်ကို ဆိုလိုခြင်းဖြစ်သည်။

စင်စစ် ယင်းအမူအကျင့်မျိုးကို ပညာတတ်ဉာဉ် ဟု ခေါ်မည့်အစား အချောင်သမားဉာဉ်ဟု ခေါ်ပြီး ယင်းဉာဉ်မျိုးရှိသည့် ပညာရှင်ကိုလည်း အချောင်သမားပညာရှင်ဟု ခေါ်ခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်ပါကြောင်း။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.