မြန်မာနိုင်ငံသားများ အဘယ်မျှ ဒုက္ခခံပြရဦးမည်နည်း
မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးဆုံးဖြတ်ရန်ကိစ္စကို အမြဲတမ်းအဖွဲ့ဝင် တရုတ်နှင့် ရုရှတို့ကလည်းကောင်း၊ ယာယီအဖွဲ့ဝင်သစ်ဖြစ်လာသည့် ဂျပန်ကလည်းကောင်း ကန့်ကွက်လိုက်ပါ၏။
လုံခြုံရေးကောင်စီအတွင်း တင်ပြဆွေးနွေးဆုံးဖြတ်ရေးအတွက် မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံတကာ လုံခြုံရေးကိုဖြစ်စေ ဒေသလုံခြုံရေးကိုဖြစ်စေ ခြိမ်းခြောက်နေသည့်အဆင့်သို့ ရောက်ရမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ သည် ထိုအဆင့်သို့ မရောက်သေးပါဟု ယင်းနိုင်ငံတို့က အကြောင်းပြပြီး ကန့်ကွက်ကြသည်။
“လုံခြုံရေးကောင်စီဆိုတာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေအတွက်ပဲ တာဝန်ရှိတာပါ။ မြန်မာနိုင်ငံဟာ အဲသည်လို ခြိမ်းခြောက်နေတယ်လို့ ကျွန်တော် မမြင်ပါဘူး”ဟု ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီမားက ဆိုပါ၏။
မြန်မာစစ်အစိုးရအား အဆင့်မြင့် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေသည့် ရုရှက ယင်းအဆိုကို လေးလေးနက်နက် ထောက်ခံသကဲ့သို့ စစ်အစိုးရနှင့် တောက်လျောက်လက်တွဲနေခဲ့သော တရုတ်ကလည်း “မြန်မာနိုင်ငံဟာ သူ့ပြဿနာကို သူ့ဖာသာ ဖြေရှင်းနိုင်တယ်၊ ကုလသမဂ္ဂက ၀င်ပါလျှင် အခြေအနေ ပိုဆိုးသွားမယ်”ဟု ဆိုပါသည်။
တခြားသော ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ ပြဿနာ တို့သည် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်နေသည့် ပြဿနာများမဟုတ်ဟု ပြော၍ရနိုင်သည်။ သို့သော် ဤနေရာ တွင်ကား နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်ခြင်းရှိမရှိ မေးခွန်းထုတ်ရမည်မဟုတ်။ တကယ်မေးသင့်သည့်မေးခွန်းမှာ မြန်မာနိုင်ငံသားတို့အား စစ်အစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ဆက်နေခိုင်းသင့် မသင့်ဟူသော မေးခွန်းသာ ဖြစ်သည်။
မြန်မာနိုင်ငံသား သန်းပေါင်း ၅၀ တို့သည် ဆင်းရဲဒုက္ခမျိုးစုံကို ကြိတ်မှိတ်ခံစားခဲ့ရသည်မှာ လက်ရှိစစ်အစိုးရ အာဏာသိမ်း သည့်အချိန်မှ စရေတွက်လျှင်ပင် ၁၈ နှစ် ရှိပါပြီ။ အတိုက်အခံ နိုင်ငံရေးသမားတို့ကို အမျိုးမျိုးနှောက်ယှက်ဖျက်ဆီးခဲ့ရာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၂၀၀ ကျော် ရှိနေပါပြီ။ လွန်ခဲ့သောလက ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်တနှစ် ထပ်တိုးလိုက်သည်။ ၁၇ နှစ် ကာလအတွင်း သူ အကျယ်ချုပ်ခံနေခဲ့ရသည်မှာ ၁၀ နှစ်ကျော်ပြီ။
နောက်ဆုံးအကြိမ် အထိန်းသိမ်းမခံရမီက အလုပ်ကြံပင် ခံလိုက်ရသေးသည်။ သူလွတ်မြောက်ခဲ့သော်လည်း သူနှင့်အတူ ရှိနေခဲ့သူများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ဒီပဲယင်းလူသတ်ပွဲဟု အမည်ရှိသည့် ယင်းလုပ်ကြံမှုကို စစ်အစိုးရ၏ လက်ရှိ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးပြီး လက်ရှိဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက စီမံပေးခဲ့သည်ဟု ဆိုကြသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းပြဿနာများသည် နယ်နိမိတ်ကို ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံများသို့ လျှံထွက်လာနေသည်။ ဥပမာအားဖြင့် ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် မြန်မာဒုက္ခသည်ပေါင်း ၁၃၀၀၀၀ ကျော် ရှိနေပြီ။
မကြာမီကပင် စစ်အစိုးရ၏ ရက်ရက်စက်စက် ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်ပေါင်း ၁၆၀၀၀ ကျော်သည် ကိုယ့်ရပ် ကိုယ့်ရွာကို စွန့်လွှတ်ပြီး ထိုင်းနယ်စပ်အနီးသို့ ထွက်ပြေးလာခဲ့ကြသည်။ အများအပြားပင် ထိုင်းနယ်မြေအတွင်း ၀င်ရောက် ခိုလှုံလာကြသည်။
နိုင်ငံတကာ ဒုက္ခသည်များ ကူညီရေးအဖွဲ့ကြီးက အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့ရာတွင် ထောင်ပေါင်းများစွာသော မြန်မာ နိုင်ငံသားတို့သည် စစ်အစိုးရ၏ ဖိနှိပ်မှုအောက်တွင် ရောဂါဘယဒဏ်၊ အစာအဟာရ ချို့တဲ့မှုဒဏ်၊ ဆင်းရဲမွဲတေမှုဒဏ်၊ ညှင်းပန်းနှိပ်စက်မှုဒဏ်တို့ကို ခံစားခဲ့ရသည့်အတွက် အကူအညီကို အလွန်အမင်းလိုအပ်နေသည်ဟု ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် လျစ်လျူရှုအခံရဆုံး နိုင်ငံတခု ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။
သို့သော် ဤမျှနှင့် မလုံလောက်သေးဟု တရုတ်၊ ရုရှ၊ ဂျပန်တို့က ပြောနေသည်။
သို့ဆိုလျှင် ကျွန်ုပ်တို့ မြန်မာနိုင်ငံသားတို့အနေနှင့် ဘယ်လောက် ငတ်ပြတ်မွဲတေပြရဦးမည်နည်း။ ထောင်သွင်းအကျဉ်းချ ညှဉ်းပန်းနှိပ်စက်ဒဏ်ကို ဘယ်လောက် ထပ်ခံပြရဦးမည်နည်း။ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်မြို့ရွာ ကိုယ့်နိုင်ငံကို မြန်မာ နိုင်ငံသား ဘယ်လောက်များများ ထပ်မံစွန့်ခွာ ထွက်ပြေးပြရဦးမည်နည်း။
ယဉ်ကျေးသည်ဆိုသော၊ ထောက်ထားစာနာတတ်သည်ဆိုသော၊ လူ့လောက၏ တိုးတက်ဖွံ့ဖြိုးမှုကို ပြင်းပြစွာလိုလားသည် ဆိုသော နိုင်ငံတကာအသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံအတွင်းရှိ လူမဆန်မှု၊ ရိုင်းစိုင်းရက်စက်မှု၊ ဆုတ်ယုတ်ပျက်သုဉ်းမှုတို့ကို သည့်ထက်ဆိုးဝါးလာသည်အထိ လျစ်လျူရှုထားသင့်ပါ၏လော။
လျစ်လျူရှုသင့်ပါသည်ဟု ဆိုသော အကြင်နိုင်ငံတို့အတွက်ကား စာရေးဆရာကြီး ဂျော့ခ်ျဘားနတ်ရှော၏ စကားတခွန်းကို လက်ဆောင်ပေးရုံမှတပါး အခြားမရှိပြီ။ ယင်းစကားမှာ …
“လျစ်လျူရှုခြင်းသည် လူမဆန်မှု၏ အဆီအနှစ် ဖြစ်သည်” ဟူ၍တည်း။ ။ [Top] |