#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ


အာဇာနည်နေ့ကား လွန်မြောက်သွားလေပြီ။

ထုံးစံအတိုင်းပင် စစ်အစိုးရသည် အာဇာနည်နေ့ကို ဝတ်ကျေတမ်းကျေ လုပ်သွားသည်။ စစ်အစိုးရ၏ မီဒီယာများကလည်း ၀တ်ကျေတမ်းကျေ ဖော်ပြသွားသည်။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဆွေမျိုးသားချင်းများ ဂါရဝပြုနေသော ဓာတ်ပုံတို့ကိုသာ ဖော်ပြသည်။ တခြားမရှိ။

အာဇာနည်နေ့နှင့် ပတ်သက်၍လည်းကောင်း၊ အာဇာနည်တို့အကြောင်းနှင့် ပတ်သက်၍လည်းကောင်း အာဇာနည်တို့၏ ဂုဏ်ကျေးဇူးနှင့် ပတ်သက်၍ လည်းကောင်း ဘာမျှ ရေးသားဖော်ပြခြင်းမရှိ။ အာဇာနည်တို့၏ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း ဘာမှ မပြောဆို။ ဘာမှ မရေးသား။ စစ်အစိုးရ၏ အပြုအမူတို့ကို ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူလူထု၏ အသိစိတ်ဓာတ်အတွင်းမှ ဖယ်ရှားပစ်ရန် ကြိုးစားနေကြောင်း သိသာထင်ရှား လှသည်။

လွန်ခဲ့သည့် မတ်လ ၂၇ရက် တပ်မတော်နေ့အခမ်းအနား၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မိန့်ခွန်းပြောရာတွင် လွန်ခဲ့သည့် နှစ်ပေါင်းတထောင်ကျော်က အနော်ရထာ ဘုရင်ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း လေးရာကျော်က ဘုရင့်နောင် ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာကျော်က အလောင်းဘုရား ဦးအောင်ဇေယျကိုလည်းကောင်း တခုတ်တရ ဖော်ညွှန်းသွားသော်လည်း လွန်ခဲ့သည့် ၅၉ နှစ်ကမှ ကျဆုံးကွယ်လွန်သွားသော ဗိုလ်ချုပ်အောင်ဆန်းကိုမူ လုံးဝထည့်ပြော သွားခြင်း မရှိသည်မှာလည်း စင်စစ် ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်ရှားသည့် လုပ်ဆောင်ချက်တရပ်ပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးခေါင်းဆောင်ကြီးဖြစ်ပါလျက်၊ ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်ပါလျက်၊ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သည့် တပ်မတော်ကို ဦးဆောင်နေသူ စစ်အစိုးရသည် အဘယ်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖျောက်ဖျက်ဖယ်ရှားရန် ကြိုးစားအားထုတ် နေကြသနည်း။

အပေါ်ယံကြည့်လျှင်ကား ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဖြစ်နေသည့်အတွက်ဟု ဆိုကောင်း ဆိုနိုင်မည်။ ဗိုလ်ချုပ်အောင်ဆန်းဟု ဆိုသည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်ယောင် ကြမည်ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူလူထု၏ အသိအမြင်မှ ဖယ်ရှားခြင်းဟု ဆိုကောင်း ဆိုနိုင်သည်။ အသေအချာစိစစ်ကြည့် သော်ကား ထိုထက် မကပြီ။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံသားတို့၏ လွတ်လပ်ရေး အတွက် တည်ထောင်ခဲ့ခြင်းဖြစ်ရာ ယင်းအချိန်က တပ်မတော်ကို ပြည်သူ့တပ်မတော်ဟု ခေါ်အပ်သည်။ သို့သော် ယင်းပြည်သူ့တပ်မတော်ကို ဗိုလ်ချုပ်ကြီးနေ၀င်းက အပိုင်စီးပြီးနောက် အာဏာရှင် တပ်မတော်အဖြစ်သို့ ပြောင်းလဲပစ် လိုက်သည်။ ယင်းအာဏာရှင်တပ်မတော်သည် ယခုအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်အတွင်းသို့ ရောက်နေရပြီ။ ဗိုလ်ချုပ်မှူးကြီးကား အာဏာရှင်ဘဝလောက်နှင့် တင်းတိမ်နိုင်သူ မဟုတ်လေရာ နေပြည်တော်မြို့သစ်ကို ဖန်တီးပြီးလျှင် ပဒေသရာဇ်အရှင်သခင်အဖြစ်သို့ ကူးပြောင်းရန်အထိ ကြံနေသည်။

ထို့ကြောင့် နေပြည်တော်တွင် ပထမဆုံးအကြိမ်ကျင်းပသည့် တပ်မတော်နေ့၌ “ ဒို့တပ်မတော်ဟာ အနော်ရထာ ဘုရင့်နောင် အလောင်းဘုရားဦးအောင်ဇေယျ ဘုရင်မင်းမြတ်တို့ တည်ထောင်ခဲ့တဲ့ ထက်မြက်သော တပ်မတော်များရဲ့ လက်ဆင့်ကမ်း အမွေကို ခံယူကြရမယ် ” ဟု ထည့်သွင်းပြောကြားကာ သူ၏ အကြံအစည်ကို သွယ်ဝိုက်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ယင်းစကားဖြင့် ဗိုလ်ချုပ်မှူးကြီးသည် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူ့တပ်မတော်ကို ပဒေသရာဇ်တပ်မတော်အဖြစ်သို့ ပြောင်းလဲတော့မည်ဖြစ်ကြောင်း သိနိုင်သည်။

သေချာသည်မှာ ပဒေသရာဇ် တပ်မတော်ဖြင့်အုပ်စိုးမည့် ပဒေသရာဇ်နိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်းအတွက် နေရာ ရှိတော့မည် မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟူသည် အမည်နာမသက်သက်မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း ဟူသည် စွန့်လွှတ်အနစ်နာခံခြင်း ၊ စည်းစိမ်ချမ်းသာ အာဏာရာထူးကို မတပ်မက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ အမျှော်အမြင်ကြီးခြင်း စသည့် အရည်အချင်းကောင်းများ၏ စုစည်းချက်တခု ဖြစ်ရုံမက ပြည်သူလူထု၏ ဆန္ဒအတိုင်း အုပ်ချုပ်ရသည့် ဒီမိုကရေစီစနစ်ကို ဖော်ပြချက်လည်း ဖြစ်သောကြောင့် ပေတည်း။

အာဏာရှင်အဖြစ်မှ ပဒေသရာဇ်အရှင်သခင်အဖြစ်သို့ ကူးပြောင်းရန်ကြိုးပမ်းနေသော ဗိုလ်ချုပ်မှူးကြီးအတွက် ဗိုလ်ချုပ် အောင်ဆန်းဟူသော အမည်နာမသည် ပဓာနအနှောက်အယှက်ကြီးတခု ဖြစ်ပေသည်။သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူလူထု၏ ဦးနှောက်အတွင်းမှလည်းကောင်း နှလုံးသားအတွင်းမှလည်းကောင်း ဖယ်ရှားရှင်းလင်းပစ်ရန် စနစ်တကျ ကြိုးစားနေခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဂဠုန်ဦးစော၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ထိုသို့ သေဆုံးခဲ့ရသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀၊ ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အသိပညာနှင့် စိတ်ဓာတ်များကို ပြည်သူလူထုက သတိရနေအောင် မြတ်နိုးနေအောင် အတုယူနိုင်အောင် အဆက်ဆက်သော အစိုးရ များသည် အားပေးခဲ့ကြသည်။ သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့ပြည်သူတို့၏ အဇ္ဈတ္တတွင် ဆက်လက်ရှင်သန် နေခဲ့သည်။

ယခုအခါတွင်ကား ဗိုလ်ချုပ်အောင်ဆန်းကို နည်းအမျိုးမျိုးဖြင့် ဖယ်ရှားနေလေပြီ။ ငွေစက္ကူပေါ်မှာလည်း မရှိတော့ပြီ။ သတင်းစာများ ရေဒီယိုများ ရုပ်မြင်သံကြားများတွင်လည်း မပါရှိတော့ပြီ။ ကျောင်းသုံးစာအုပ် များတွင်လည်း မပါသလောက် ဖြစ်နေပြီ။ တခါတရံ စာပေစိစစ်ရေး၏ အမိန့်ကြောင့် ဂျာနယ်မဂ္ဂဇင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို ဖြုတ်ပေးရ သည်။ ဗိုလ်ချုပ်အောင်ဆန်း မိသားစုဓာတ်ပုံကို စာအုပ်တွင် ထည့်လိုက်မိသည့် စာရေးဆရာမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေ ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများ၊ ကြေးရုပ်များကို အလေးပြုသူတချို့ အပြစ်ဒဏ်ခံရသည်များ ရှိသည်။

ဤကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကွယ်ပျောက်သွားအောင် စနစ်တကျ လုပ်ဆောင်နေလေရာ မျိုးဆက်သစ် တချို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ အသိစိတ်ဓာတ် နှင့် စွမ်းဆောင်ချက်များကို သိဖို့ မဆိုထားနှင့် ဗိုလ်ချုပ်အောင်ဆန်းဟူသော အမည်ကိုပင်လျှင် ဝိုးတဝါးဖြစ်နေကြတော့သည်။ သူတို့အတွက်ကား ဗိုလ်ချုပ်အောင်ဆန်းသည် တကယ်ပင် သေဆုံး ကွယ်ပျောက် သွားလေပြီ။

ဗိုလ်ချုပ်အောင်ဆန်းကို ဂဠုန်ဦးစော သတ်ခဲ့သည်ဟု အများက ဆိုကြသည်။ တချို့ကတော့ ဂဠုန်ဦးစော မဟုတ်ဘဲ တခြားတယောက်ယောက် ဖြစ်နိုင်သည်ဟုလည်း ဆိုကြသည်။ သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို မည်သူသတ်သနည်းဟူသော မေးခွန်းကို ဖြေနိုင်ရန် ခက်သည်ဟု စာရေးသူတဦးက စာအုပ်တအုပ် ရေးသားပြီး ပြောဆိုသည်။ စာအုပ်အမည်က
“ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ ” ။

လက်ရှိအခြေအနေအရသော်ကား ဗိုလ်ချုပ်အောင်ဆန်းကို တကယ်သေအောင်သတ်သူသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရသာ ဖြစ်သည်ဟု တထစ်ချဖြေဆိုအပ်ပေသတည်း။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.